ရေးဘီလူးဌာနချုပ် ညသန်းခေါင်ဗုံးကြဲခံရ၊ ရဲဘော် ၁၀ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၇ ရက်။
မွန်ပြည်အတွင်း စစ်ရေးလှုပ်ရှားမှု အားကောင်းသည့် အခြေစိုက် ရေးဘီလူးတပ်ဖွဲ့၏ ဌာနချုပ်စခန်းကို စစ်တပ် က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးရဲဘော်များ အပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးသွားခဲ့ ကြောင်း ဒေသတွင်း စစ်ရေးသတင်းမြစ်များက ပြောသည်။
ယနေ့ (မေ ၂၇ ရက်နေ့)၊ နံနက် ၁ နာရီဝန်းကျင်အချိန်တွင် စစ်တပ်က ဂျက်ဖိုက်တာ တိုက်လေယာဉ်တစ်စီးဖြင့် ရေးဘီလူးဌာနချုပ်ရှိ အမျိုးသမီးအိပ်ဆောင်ကို ပေါင် ၅၀၀ ဗုံး ၃ လုံး အပြင်းအထန် ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ မြေပြင်နှင့်နီးစပ်သည့် စစ်ရေးသတင်းမြစ်တစ်ဦးက “အကုန်လုံး ပွဲချင်း ပြီးပဲ။ ညအိပ်မောကျနေတဲ့ အချိန်ဆိုတော့ ဘယ်သူမှ မရှောင်နိုင်တော့ဘူး။ သတင်းပြန့်နေတာ ၂၀ ကျော် သေတာတွေ ထိခိုက်တာတွေကတော့ အမှန်မဟုတ်ဘူး။ နည်းနည်းပါးပါး ဒဏ်ရာရတာတွေတော့ ရှိပါတယ်။ ပြောသလိုကြီးတော့ မဟုတ်ပါဘူး” ဟု အခြေအနေကို ရှင်းပြသည်။
ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသူ ၁၀ ဦးအနက် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၆ ဦး ပါဝင်ပြီး ဗုံးထိမှန်ခဲ့သည့် အမျိုးသမီးအိပ်ဆောင်တစ်ခုလုံးမှာလည်း မီးလောင်ပြာကျ ပျက်စီးသွားခဲ့ရသည်။
စစ်တပ်၏ ယခုတိုက်ခိုက်မှုအတွင်း ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်မှာ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိဘဲ ဘေးကင်းစွာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
၎င်းက တိုက်ခိုက်မှုအပြီးတွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ (Facebook) မှတစ်ဆင့် “ဒီနေ့ မင်းတို့ ပြုံးပါ။ ကျန်တဲ့နေ့တွေမှာ ငါတို့အပြုံးပဲနော် မအလ” ဟု စစ်ခေါင်းဆောင်ကို ရည်ညွှန်းကာ တုံ့ပြန်ရေးသားထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန အောက်တွင် တရားဝင် ရပ်တည် လှုပ်ရှားနေ သည့် ရေးဘီလူးတပ်ဖွဲ့သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်အတွင်း စစ်တပ်လက်အောက်ခံ တပ်ဖွဲ့ဝင် များနှင့် ဒလန်များကို ပြောက်ကျားနည်း ဗျူဟာဖြင့် ရှင်းလင်း တိုက်ခိုက်နေသည့် တော်လှန်ရေးအဖွဲ့တစ်ခုအဖြစ် ဒေသခံများအကြား လူသိများသည်။
တစ်ဖက်တွင်လည်း စစ်တပ်ထောက်ခံသည့် တယ်လီဂရမ် (Telegram) စာမျက်နှာများ၌မူ ယခု ဌာနချုပ် တိုက် ခိုက်မှုကို မြေပြင်သတင်းပေး (ဒလန်) များ၏ တိကျသည့် သတင်းပေးပို့ချက်ကြောင့် ပစ်မှတ်ကို ကောင်းမွန်စွာ ခြေမှုန်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဝါဒဖြန့် ဖော်ပြလျက်ရှိသည်။
လက်ရှိတွင် ဌာနချုပ်စခန်း ဗုံးကြဲခံရမှုကြောင့် ရေးဘီလူးတပ်ဖွဲ့ဘက်က စစ်ရေးတုံ့ပြန်မှုများ ပြုလုပ်လာနိုင် သဖြင့် ဒေသတွင်း စစ်ရေးအခြေအနေမှာ ပိုမိုတင်းမာလာနိုင်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ထားကြ သည်။