ရခိုင်တွင် နှစ် ၂၀ အတွင်း အဆိုးရွားဆုံးရေဘေးနှင့် ကြုံတွေ့နေရပြီး စစ်ရှောင်စခန်းများပါ ရေနစ်မြုပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်။

ရခိုင်ပြည် အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်ပေါင်းစုံ၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ လူနေရပ်ကွက်နှင့် ကျေးရွာပေါင်း ၇၀ ကျော် ရေနစ်မြုပ်နေပြီး စစ်ဘေးရှောင်စခန်းများပါ ရေဘေးသင့်လျက် ရှိသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်း ဆောင် ရွက်ရေးရုံး (HDCO) ၏ ဇူလိုင်လ ၉ ရက်နေ့ ထုတ်ပြန်ချက်အရ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ ပလက်ဝ၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် ရေကြီးမှုဒဏ်ကို အပြင်းအထန် ခံနေရပြီး သေဆုံးသူ ၃ ဦးအထိ ရှိလာပြီ ဖြစ်သည်။ 

ကမ္ဘာလုံးဆိုင်ရာ ရေလွှမ်းမိုးမှု ကြိုတင်သတိပေးစနစ် (GloFAS) ကမူ ယခုရေကြီးမှုသည် နှစ် ၂၀ အတွင်း အမြင့်ဆုံးစံချိန်ဖြစ်လာနိုင်ကြောင်း သတိပေးထားသည်။

မြောက်ဦးမြို့နယ်ရှိ ဂါရာတောင်စစ်ရှောင်စခန်းမှာ ရေအမြင့် ၅ ပေခန့်အထိ တက်လာသဖြင့် အိမ်ထောင်စု ၈၀ နီးပါးမှ စစ်ဘေးရှောင် ၂၀၀ ကျော်မှာ အရေးပေါ် ရွှေ့ပြောင်းနေရသည်။ စစ်ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာလာရ သူများမှာ သဘာဝဘေးကို ထပ်မံရင်ဆိုင်နေရခြင်း ဖြစ်သည်။ 

တောင်ကုတ်မြို့တွင်လည်း ချောင်းရေလျှံမှုကြောင့် လမ်းမများ ရေနစ်မြုပ်နေပြီး ဒေသခံများမှာ သွားလာရေး အခက်အခဲများနှင့် ကြုံတွေ့နေရသည်။

တောင်ကုတ်ဒေသခံတစ်ဦးက ချောင်းကောက်အောက်ပိုင်း မြုပ်နေပြီ။ မေပိုးဝါလမ်းဆို ပေါင်လောက်ထိ ရောက်နေပြီဟု ရေကြီးမှုအခြေအနေကို ပြောပြသည်။

ထို့ပြင် ကျောက်တော်မြို့နယ် ကုလားတန်မြစ်အတွင်း၌လည်း အမည်မသိ လူသေအလောင်းအချို့ မျောပါလာ သည်ကို ဒေသခံများက တွေ့ရှိခဲ့ရသည်။ ပလက်ဝဘက်မှ စက်လှေနစ်မြုပ်မှုများကြောင့် ဖြစ်နိုင်ကြောင်း ယူဆနေကြသော်လည်း ပျောက်ဆုံးနေသည့် ကျောင်းသားနှစ်ဦး၏ ရုပ်အလောင်းများဟုတ်မဟုတ်ကိုမူ အတည်မပြုနိုင်သေးပေ။

ကျောက်တော် ဒေသခံတစ်ဦးက မနက်က သုံးလောင်းတွေ့လိုက်ပါတယ်။ ကျောက်တော်အထက်ဘက်ကနေ မျောလာတာလို့ထင်ပါတယ်။ ဘယ်သူဘယ်ဝါတွေဆိုတာတော့ မသိရဘူး ဟု ပြောသည်။

HDCO အနေဖြင့် ရေဘေးတုန့်ပြန်ရေး လုပ်ငန်းစဉ်များကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး၊ ဒေသခံပြည်သူများအနေဖြင့် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် အဆိပ်ရှိသတ္တဝါများ၏ အန္တရာယ်ကို အထူးသတိပြုကြရန် တိုက်တွန်းထားသည်။

လက်ရှိတွင် ရေဘေးဒဏ်သင့် ပြည်သူများနှင့် စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာနှင့် အရေးပေါ် အကူအညီများ အလွန်အမင်း လိုအပ်နေသည်။ 

မိုးဇလ၏ နောက်ဆုံးထုတ်ပြန်ချက်အရလည်း ရခိုင်ပြည်အတွင်း ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် လေပြင်းတိုက် ခတ်ခြင်းများ ဆက်လက်ဖြစ်ပွားနိုင်သဖြင့် အထူးသတိပြုနေထိုင်ကြရန် သတိပေးထားသည်။