အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု ရုတ်တရက် ရပ်ဆိုင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ရုတ်တရက် ညွှန်ကြားချက်ကြောင့် အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ နှစ်စဉ် ပူးတွဲပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုကို သတ်မှတ်ရက်ထက် စော၍ ရပ်ဆိုင်းလိုက်ရကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြသည်။
သမ္မတ ထရန့်က အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် ကုန်ကျစရိတ် ကြီးမားရုံသာမက မြောက်ကိုရီးယားအပေါ် ရန်လိုရာရောက်စေသည်ဟု စွပ်စွဲခဲ့ပြီး ပင်တာဂွန်စစ်ဌာနချုပ်ကို စစ်ရေးလေ့ကျင့်မှု ပမာဏ လျှော့ချရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် တောင်ကိုရီးယားအနေဖြင့် အီရန်နိုင်ငံအပေါ် ဆောင်ရွက်နေသည့် လုပ်ဆောင်ချက်များတွင် ပူးပေါင်းပါဝင်ရန် ငြင်းဆန်ခဲ့သည်ကိုလည်း မကျေမနပ် ပြောကြားခဲ့ကြောင်း Open Magazine တွင် ဖော်ပြထားသည်။
ယင်းဆုံးဖြတ်ချက်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် ပြန်လည်တွေ့ဆုံရန် ကြိုးပမ်းမှုတစ်ခု ဖြစ်နိုင်သော်လည်း တောင်ကိုရီးယားအပါအဝင် ဂျပန်နှင့် ထိုင်ဝမ်စသည့် ဒေသတွင်း မဟာမိတ်နိုင်ငံများကို အံ့အားသင့် စိုးရိမ်စေခဲ့ကြောင်း IRIA (International Relations Insights & Analysis) သတင်းတွင် သုံးသပ်ထားသည်။
တစ်ဖက်တွင်လည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ ညီမဖြစ်သူ ကင်ယိုဂျွန်က စစ်ရေးလေ့ကျင့်မှု လျှော့ချရုံဖြင့် အမေရိကန်၏ ရန်လိုသည့် သဘောထား ပြောင်းလဲသွားမည် မဟုတ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့ပြီး လေ့ကျင့်မှု မရပ်ဆိုင်းမီ ရေကြောင်းအတွင်းသို့ ဒုံးကျည်များ ထပ်မံပစ်ခတ် စမ်းသပ်ခဲ့သည်။
အခြားတစ်ဖက်တွင်မူ အမေရိကန်၏ လုံခြုံရေး အာမခံချက်အပေါ် ယုံကြည်မှု လျော့နည်းလာခြင်းကြောင့် တောင်ကိုရီးယားနိုင်ငံအတွင်း ကိုယ်ပိုင်နျူကလီးယားလက်နက် ပိုင်ဆိုင်သင့်သည်ဆိုသည့် အသံများ ပိုမိုကျယ်လောင်လာနေသည်။