ဝါဒရေးရာနှင့် သစ္စာစောင့်သိမှုကို အလေးပေးမည်ဟုပါတီ နှစ်ပါတ်လည် မိန့်ခွန်းတွင် သမ္မတ ရှီပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂ ရက်။
တရုတ်အာဏာရ ကွန်မြူနစ်ပါတီ (CPC) တည်ထောင်ခြင်း ၁၀၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ဇူလိုင်လ ၁ ရက်နေ့က ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပခဲ့ရာ ပါတီဝင်များနှင့် ထိပ်တန်းအရာရှိကြီး ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် သမ္မတ ရှီကျင့်ဖျင်က မိနစ် ၄၀ ကြာ မိန့်ခွန်းပြောကြားခဲ့ပြီး ထူးချွန်ပြောင်မြောက်စွာ အကျိုးပြုခဲ့သည့် ပါတီဝင် ၈ ဦးကို ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ခဲ့သည်ဟု ရိုက်တာ သတင်းတွင် ဖော်ပြသည်။
ပြောင်းလဲလာသည့် အခြေအနေများနှင့် ပါတီတွင်း စည်းကမ်းတင်းကျပ်မှု သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တွင် မရေရာသည့် အကြောင်းခြင်းရာများနှင့် စိန်ခေါ်မှုများ မြင့်တက်လာနေချိန်၌ ပါတီအနေဖြင့် “ပြည့်စုံပြတ်သားသည့် မိမိကိုယ်ကိုယ် စီမံအုပ်ချုပ်မှုစနစ်” ကို စွဲစွဲမြဲမြဲ ကျင့်သုံးသွားရမည်ဟု သမ္မတ ရှီကျင့်ဖျင်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
၎င်းက “ကျွန်ုပ်တို့အနေနဲ့ ပြင်းထန်တဲ့ လေမုန်တိုင်းတွေ၊ လှိုင်းတံပိုးတွေအပြင်၊ ကြီးမားတဲ့ စမ်းသပ်စစ်ဆေးမှုတွေကို ကြံ့ကြံ့ခံနိုင်ဖို့ အမြဲတမ်း အသင့်ပြင်ထားရမယ်” ဟု ဆိုသည်။
၁၉၂၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် ပါတီဝင်ဦးရေ ၁၀၁ သန်းကျော် (နိုင်ငံလူဦးရေ၏ ၇.၂ ရာခိုင်နှုန်းခန့်) ရှိလာသည့် တရုတ်ကွန်မြူနစ်ပါတီသည် ‘ကမ္ဘာ့အကြီးဆုံးပါတီ’ အဖြစ်မှ ‘ကမ္ဘာ့ဩဇာအရှိဆုံး နိုင်ငံရေးပါတီ’ အဖြစ်သို့ အသွင်ပြောင်းရန် ရည်မှန်းထားကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။
လက်ရှိကမ္ဘာတွင် ပါတီဝင် အများဆုံးပါတီမှာ အိန္ဒိယ နိုင်ငံမှ ဘာရတီယ ဂျနတာပါတီ (BJP) ဖြစ်သည်။
အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနှင့် စစ်ဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု သမ္မတ ရှီကျင့်ဖျင်သည် ၂၀၁၂ ခုနှစ် အာဏာရလာကတည်းက ပါတီတွင်း သစ္စာရှိမှုနှင့် စည်းကမ်းပိုင်းကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ခဲ့သည်။
ယခုမိန့်ခွန်းတွင်လည်း အကျင့်ပျက်ခြစားမှုများကို ပြတ်ပြတ်သားသားနှင့် ရေရှည်တိုက်ဖျက်သွားရန် အလေးအနက် ပြောကြားခဲ့သည်။
ပါတီ၏ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ (CCDI) ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း ခြစားမှုဖြင့် အရေးယူခံရသူ ပေါင်း ၉၈၃,၀၀၀ ဦးအထိ ရှိခဲ့ပြီး ယင်းပမာဏသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း အမြင့်ဆုံးစံချိန် ဖြစ်သည်။
လတ်တလောတွင် နိုင်ငံရေးဗဟိုဦးဆောင်အဖွဲ့ (Politburo) အဖွဲ့ဝင်ဟောင်း မာရှင်းရုအပါအဝင် စစ်ဘက်ဆိုင်ရာ ဥပဒေပြုအမတ်များနှင့် ဘဏ္ဍာရေးထိန်းညှိမှုအဖွဲ့ အကြီးအကဲဟောင်းတို့ ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။
အထူးသဖြင့် စစ်ဘက်တွင် ကိုင်တွယ်မှု ပိုမိုပြင်းထန်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ထိပ်တန်းဗိုလ်ချုပ်ကြီး ကျန်းယိုရှား စုံစမ်းစစ်ဆေးခံရပြီးနောက် စစ်ဘက်ဗဟိုကော်မတီ၏ အဖွဲ့ဝင်ဦးရေမှာ မူလ ၇ ဦးမှ ၂ ဦးအထိသာ ကျန်ရှိတော့သည်။
အဆိုပါ ရာထူးအပြောင်းအလဲများသည် ၂၀၂၇ ခုနှစ်နှောင်းပိုင်းတွင် ကျင်းပမည့် ပါတီညီလာခံတွင် သမ္မတ ရှီကျင့်ဖျင် ၄ ကြိမ်မြောက် သက်တမ်းအတွက် အာဏာပိုမိုခိုင်မာအောင် ပြင်ဆင်နေခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်ဟု The Strait Times သတင်းစာက ဖော်ပြသည်။
ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့က သမ္မတ ရှီကျင့်ဖျင်သည် “ပါတီတည်ဆောက်ရေးဆိုင်ရာ အတွေးအခေါ်” အမည်ရှိ မူဝါဒသစ် (လမ်းညွှန်ချက် ၁၄ ချက်) ကို ချမှတ်ခဲ့သည်။
ပါတီဗဟိုကော်မတီ၏ သွေးစည်းညီညွတ်မှုနှင့် သစ္စာစောင့်သိမှုကို ပိုမိုအင်တိုက်အားတိုက် လုပ်ဆောင်ရန် တွန်းအားပေးလျက်ရှိသည်။
ထို့ပြင် သမ္မတ ရှီကျင့်ဖျင်က ၎င်း၏မိန့်ခွန်းတွင် ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေး မဟာဗျူဟာကို အကောင်အထည်ဖော်ရန် ထပ်လောင်းပြောဆိုခဲ့သေးသည်။
ထိုင်ဝမ်ဘက်ကမူ ၎င်းပြောကြားချက်များသည် ‘စကားဟောင်းများကိုသာ ထပ်ခါတလဲလဲ ပြောနေခြင်း’ ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။
ကြိုတင်သတ်မှတ်ချက်များမထားဘဲ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရသည့် ထိုင်ဝမ်အစိုးရနှင့် ဆွေးနွေးအဖြေရှာရန် တရုတ်နိုင်ငံကို ပြန်လည်တောင်းဆိုထားသည်။
နိုင်ငံတကာ သုတေသီများ၏ အဆိုအရ တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် ပါတီဝင်များအား ဝါဒရေးရာများကို နှုတ်ကျက်မှတ်သားရုံသာမက လက်တွေ့ အုပ်ချုပ်ရေးလုပ်ငန်းများတွင်ပါ ထည့်သွင်းအကောင်အထည်ဖော်ရန် တွန်းအားပေးနေခြင်း ဖြစ်သည်ဟု ဆိုသည်၊။
သို့သော်လည်း တစ်ဖက်တွင်လည်း တင်းကျပ်လွန်းသည့် စည်းကမ်းများကြောင့် အောက်ခြေဌာနဆိုင်ရာများတွင် ဆုံးဖြတ်ချက်ချရန် ဝံ့ရဲမှုမရှိဘဲ လုပ်ငန်းများ ကြန့်ကြာမှု ဖြစ်ပေါ်နိုင်ကြောင်းနှင့် လူငယ်မျိုးဆက်သစ်များ ပါတီတွင်းသို့ ဝင်ရောက်ရန် စိတ်ဝင်စားမှု လျော့နည်းလာနိုင်သည့် စိန်ခေါ်မှုများ ရှိနေကြောင်း သုံးသပ်ထားကြသည်။