နေရပ်ပြန် စစ်ရှောင်များ နေထိုင်ရပ်တည်ရေး အခက်အခဲရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်။
ကရင်နီ တပ်ဖွဲ့များနှင့် စစ်ကောင်စီနှင့် ပအိုးဝ် ပြည်သူစစ် ပူးပေါင်း တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့သည့် ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်း ကျေးရွာသို့ နေရပ်ပြန်သော စစ်ရှောင်များ နေထိုင်ရပ်တည်ရေးအတွက် အခက်အခဲရှိသည်ဟု ဒေသတွင်း သတင်းရင်းအမြစ် များက ပြောသည်။
ပြီးခဲ့သည့် မေလအတွင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA)တို့ အကြား ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာတွင် တိုက်ပွဲများ ပြင်းထန်ခဲ့သော်လည်း ယခု ဇွန်လ၌ စစ်ကောင်စီက နယ်မြေစိုးမိုးထားသဖြင့် စစ်ဘေးရှောင်များ နေရပ်ပြန်လာကြခြင်း ဖြစ်သည်။
အသက် ၃၅ နှစ်ဝန်းကျင်အရွယ် နေရပ်ပြန် စစ်ဘေးရှောင်တစ်ဦးက “သုံးပုံ နှစ်ပုံတော့ ပြန်လာကြပြီ။ ရှောင် တာကြာရင်လည်း စားဖို့က လိုလာပြီလေ။ အခု ပြန်လာပြီဆိုတော့လည်း အလုပ်က မရှိကြတော့ဘူး။ ထောက် ပံ့တာတွေကလည်း ရှောင်တဲ့ အချိန်လောက်ပဲ ထောက်ပံ့ကြတာ။ တကယ်လိုအပ်တာက ပြန်လာတဲ့အချိန် ပိုလိုတယ်။ အခုဆို လူအုပ်လိုက်ကြီး ရွာမှာ စားဖို့မရှိ၊ အလုပ်လည်း မရှိ” ဟု ပြောသည်။
ဆောင်းပြောင်းကျေးရွာတွင် တိုက်ပွဲများကြောင့် စိုက်ခင်းများ ပျက်စီးခြင်း၊ နေ့စားအလုပ်အကိုင်များ မရှိခြင်း၊ စိုက်ခင်းနေရာ အများစုကို PNA က သွားလာခွင့် ကန့်သတ်ထားခြင်း စသည့် အကြောင်းအရာများကြောင့် စစ်ဘေးရှောင်များမှာ အလုပ်ကိုင်များ ရှားပါးနေကြသည်။
လက်ရှိတွင် နေရပ်ပြန် စစ်ဘေးရှောင်များမှာ ချေးငှား၍ စားဝတ်နေရေး ဖြေရှင်းနေရခြင်း၊ ဝေးလံခေါင်ဖျား သည့် ကျေးရွာများတွင် လုပ်အားခ အနည်းငယ်ဖြင့် သွားရောက် လုပ်ကိုင်နေရခြင်းများ ကြုံနေရပြီး အချို့မှာ အခြားမြို့များသို့ ပြောင်းရွှေ့ရန် စီစဉ်နေကြသည်ဟု ဆိုကြသည်။
ဆောင်းပြောင်းတိုက်ပွဲတွင် ပါဝင်ခဲ့သည့် တော်လှန်ရေးအင်အားစု ပူးပေါင်းအဖွဲ့ တာဝန်ရှိသူက “အခုတော့ ခွေးတွေ (စစ်ကောင်စီ) နယ်မြေစိုးမိုးသွားပြီ။ သူတို့က ဟိုမလုပ်ရ၊ ဒါမလုပ်ရဆိုတော့ ရွာသားတွေက ဒုက္ခ ရောက် နေကြတယ်။ သူတို့ မသင်္ကာတဲ့ အိမ်ဆို အတွင်းပစ္စည်းတွေ ယူထုတ်ပြီး မီးပုံရှို့တယ်။ အခုက ရပ်တည် ရခက်တာ တစ်ခုတည်းတော့ မဟုတ်ဘူး။ သူတို့ရှိတာနဲ့ ထိတ်လန့်နေရတာ” ဟု ပြောသည်။
ဆောင်းပြောင်းကျေးရွာတွင် မေလ ၁၆ ရက်မှစ၍ လကုန်နီးပါးအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ကြီးများ ကြောင့် လူနေအိမ်များ ပျက်စီးခြင်း၊ အချို့နေအိမ်များအား စစ်ကောင်စီ ပူးပေါင်းတပ်က မီးရှို့ဖျက်ဆီးခြင်းများ ကျူးလွန်ခဲ့သည်။
အလားတူ ၂၀၂၄ ခုနှစ် ဇူလိုင်လတွင်လည်း ဆောင်းပြောင်းကျေးရွာတွင် တစ်လနီးပါးအကြာ နှစ်ဖက်ကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပြီး လူနေအိမ်အလုံး ၅၀ နီးပါးအထိ ထိမှန်ပျက်စီးခဲ့ရသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ဆိုသည်။