ရခိုင်နှင့် မကွေးအစပ် တာဝါတိုင်ကုန်းကို AA သိမ်းပိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်။ 

ရခိုင်ပြည်နှင့် မကွေးတိုင်းနယ်စပ်၊ ငဖဲမြို့နယ်အပိုင် အမ်း – ပဒါန်းလမ်းပေါ်ရှိ စစ်ကောင်စီ၏ နတ်ရေကန် ဗျူဟာကုန်း၏ ရှေ့ကာကင်း စခန်းတစ်ခုကို အာရက္ခ တပ်တော် AA နှင့် ပူးပေါင်းအဖွဲ့ က သိမ်းယူလိုက်သည်။

အမ်း – ပဒါန်းလမ်းပေါ်ရှိ စစ်ကောင်စီ၏ MPT ဆက်သွယ်ရေး တာဝါတိုင်ကုန်းစခန်းကို AA က ဇွန်လ ၄ ရက် နေ့က အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်ဟု မြေပြင် သတင်းအရင်းအမြစ်က ပြောသည်။

မြေပြင် သတင်းအရင်းအမြစ် တစ်ဦးက နေရာကို ပြောရမယ်ဆိုရင် မကွေးတိုင်း၊ ငဖဲမြို့နယ်နဲ့ ရခိုင်ပြည်၊ အမ်းမြို့နယ်ကြားက ရိုးမလမ်းဖြစ်တဲ့ ခေါ်တဲ့ ဒီ အမ်း – ပဒါန်းလမ်းပေါ်က စခန်းပေါ့ဗျာ။ စစ် ကောင်စီရဲ့ နတ်ရေကန်ဗျူဟာကုန်းနားက ဆက်သွယ်ရေး တာဝါတိုင်စခန်းကို AA က သိမ်းလိုက်တာပါ။ အသေးစိတ် တော့ AA က ထုတ်ပြန်ပါလိမ့်မယ်ဗျ ဟု ပြောသည်။

အမ်း – ပဒါန်းလမ်းပေါ်ရှိ စစ်ကောင်စီ၏ MPT ဆက်သွယ်ရေး တာဝါတိုင်ကုန်းစခန်းကို သိမ်းယူပြီးနောက်တွင် အနီးရှိ နတ်ရေကန် ဗျူဟာကုန်းနားတဝိုက်တွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်သည်မှာ ဇွန်လ ၅ ရက်နေ့ အထိဖြစ်သည်ဟု ဆိုသည်။

ထို နတ်ရေကန် ဗျူဟာကုန်း အနီးဝိုက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်း တိုက် ခိုက် ပစ်ကူပေးမှုအပြင် အနီးအနားရှိ ဘုံဘောခမောက် တောင်စခန်းမှလည်း လက်နက်ကြီးဖြင့် ပစ်ကူပေးနေ သည်ဟု ဆိုသည်။

အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ အမ်း- ပဒါန်းလမ်းပိုင်းကို ပိတ် ဆို့ ဖြတ်တောက်ထားပြီး နတ်ရေကန်ဗျူဟာကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု ရခိုင်အခြေစိုက် သတင်းဌာနများက ဖော်ပြကြသည်။

အမ်း – ပဒါန်းလမ်းပေါ်ရှိ စစ်ကောင်စီ၏ မထုံးကာကင်းစခန်းကို AA က တိုက်ခိုက် သိမ်းပိုက်ပြီးနောက် နတ်ရေကန် ဗျူဟာစခန်းကို ဖေဖော်ဝါရီလမှ စတင်၍ ယနေ့အချိန်ထိ ဆက်လက်ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။ 

မကွေးတိုင်းအတွင်းရှိ ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ) များကို ထိုးစစ်ဆင်သိမ်းပိုက်မည်ကို စိုး၍ ခံစစ်ပြင် ထားသည့် နတ်ရေကန် ဗျူဟာကုန်းကို AA နှင့် ပူးပေါင်းတပ်များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အမ်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ကမြင်းကန်ဗျူဟာစခန်းနှင့် ပိန်းရေစမ်း‌ကျေးရွာရှိ စစ်ကောင်စီ စခန်းတို့ကို အာရက္ခတပ်တော် (AA) က ဇန္နဝါရီလ ၂၁ ရက်နေ့က သိမ်းပိုက်ရရှိခဲ့သည်။

လက်ရှိတွင် AA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့သည် ရခိုင်-မကွေး အစပ်နေရာများတွင် သာမကဘဲ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်နှင့် ဧရာဝတီတိုင်းအတွင်းက ရေကြည်နှင့် လေးမျက်နှာမြို့တို့တွင်လည်း နှစ်ဖက် ကြား စစ်ရေးတင်းမာလျှက်ရှိသည်။