ကရင် အမျိုးသမီးများ ဦးဆောင်မှု ကဏ္ဍတွင် ပါဝင်မှု နည်းနေသေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်။
နိုင်ငံရေးတွင်သာမက အခြား ဦးဆောင် နေရာများတွင်လည်း အမျိုးသမီး ပါဝင်မှု ရာနှုန်း နည်းပါးနေဆဲဖြစ် ကြောင်း ကော်သူးလေ (ကရင်) အမျိုးသမီးများ နှီးနှော ဖလှယ်ပွဲ တက်ရောက်သည့် အမျိုးသမီးများက ပြော သည်။
နိုင်ငံရေး ဦးဆောင်မှုတွင်သာမက ကဏ္ဍအသီးသီးတွင် အမျိုးသမီးပါဝင်မှု ၃၀ ရာခိုင်နှုန်းကို ပြည့်မီနိုင်ရန် အခက် အခဲများနှင့် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။
ကော်သူးလေ အမျိုးသမီးများ နှီးနှောဖလှယ်ပွဲကို ကော်သူးလေ နယ်စပ်တစ်နေရာတွင် မေလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ သုံးရက်တာ ကျင်းပပြုလုပ်ခဲ့ကြသည်။
ကော်သူးလေ အမျိုးသမီး နှီးနှောဖလှယ်ပွဲ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ နော်ထူးထူးက “အမှန်ဆို ဒီ ၃၀ ရာခိုင်နှုန်း Quota ကို တောင်းဆိုခဲ့တာ ကရင်အမျိုးသမီးတွေပါ။ KNU ရဲ့ ကွန်ဂရက်မှာတော့ သဘောတူထား တယ်။ ဒါပေမယ့် တစ်ကယ့်လက်တွေ့မှာ အမျိုးသမီးတွေ အုပ်ချုပ်ရေးဘက်ပိုင်းမှာရော၊ ကာကွယ်ရေး ဘက် ပိုင်းမှာရော၊ တခြားကဏ္ဍဘက်ပိုင်းမှာရော ပါဝင်ဖို့ ဒီ ၃၀ ရာခိုင်နှုန်းပြည့်ဖို့ဆိုတာ အခက်အခဲတွေ အများကြီး ရှိသေးတယ်။ မပြည့်သေးတဲ့အတွက် ဒီနှီးနှောဖလှယ်ပွဲမှာ ညီလာခံ ကိုယ်စားလှယ်တွေကနေ ၃၀ ရာခိုင်နှုန်းကို ရဖို့အတွက် ဆက်ပြီးတော့ တိုက်တွန်းနေတာပါ” ဟု ပြောသည်။
နှီးနှောဖလှယ်ပွဲတွင် ကရင်အမျိုးသားအစည်းအရုံး KNU ၏ လာမည့် ၁၈ ကြိမ်မြောက် ညီလာခံ (ကွန်ဂရက်) တွင် ဌာနဆိုင်ရာများ၊ ခရိုင်၊ စစ်ဖက်နှင့် အရပ်ဖက်အသီးသီးမှ အမျိုးသမီးညီလာခံ ကိုယ်စားလှယ် ၃၀% အနည်းဆုံး ပါဝင်ရန် တိုက်တွန်းတောင်းဆိုသည့် သဘောတူညီချက် တစ်ရပ်လည်း ချမှတ်ခဲ့သည်ဟု နော်ထူး ထူးက ဆိုသည်။
အမျိုးသမီးများ အုပ်ချုပ်ရေးနှင့် အခြားကဏ္ဍများတွင် ပါဝင်လာနိုင်ရေးအတွက် စိန်ခေါ်မှုများစွာရှိနေပြီး အသိပညာပိုင်းနှင့် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများ ရှိနေသေးသည်ဟု ပြောသည်။
နော်ထူးထူးက“အဟန့်အတားစိန်ခေါ်မှုကတော့ ဒေသအလိုက်၊ နယ်မြေအလိုက် မတူညီဘူး။ တချို့အမျိုးသမီး တွေက အုပ်ချုပ်ရေးကဏ္ဍမှာ ပါဝင်ဖို့ အဆင်သင့်ဖြစ်နေပေမယ့် တချို့က Ready မဖြစ်သေးဘူး။ Gender နဲ့ပတ်သက်တဲ့ မူဝါဒကို အပြီးသတ်ရေးဆွဲဖို့ လိုအပ်သလို၊ တစ်ဖက်ကလည်း အမျိုးသမီးတွေကလည်း အဆင် သင့်ဖြစ်နေဖို့ အများကြီးလိုအပ်နေသေးတယ်” ဟု ပြောသည်။
ကရင်အမျိုးသား အစည်းအရုံး KNU အနေဖြင့်လည်း ဂျဲန်ဒါဆိုင်ရာ မူဝါဒ မူဘောင် ရေးဆွဲပြဌာန်းပြီး အုပ်ချုပ် ရေး အဆင့်ဆင့်တွင် လက်တွေ့ အကောင်အထည် ဖော်သွားရန်လည်း နှီးနှောဖလှယ်ပွဲက တိုက်တွန်းထားသည်။
နော်ထူးထူးက“ကျမတို့ အမျိုးသမီးအသံက နေရာတိုင်းမှာ ပါဝင်ဖို့လိုအပ်တယ်။ တိုက်ပွဲတွေပြီးမှ၊ တော်လှန် ရေးကာလပြီးမှ ဒါတွေ စလုပ်မယ်ဆိုရင် အရမ်းနောက်ကျသွားမယ်လို့ ကျမထင်တယ်။ ဒါကြောင့်မို့ အမျိုးသမီးတွေရဲ့ တန်းတူရေး၊ အုပ်ချုပ်ရေး နယ်ပယ်မှာ ပိုပြီးတော့မှ ပါဝင်လာနိုင်ဖို့ ကျမတို့အမျိုးသမီးတွေ ကြိုးစားရမယ်၊ စိတ်လည်း ဝင်စားဖို့သင့်တယ်။ ဒီအရွေ့တစ်ခုကို တွန်းဖို့အတွက် အမျိုးသမီးတွေရဲ့ အသံတွေက အရမ်း အရေးကြီးပါတယ်” ဟု ပြောသည်။
ကော်သူးလေ အမျိုးသမီး နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသော ကိုယ်စားလှယ်များအနေဖြင့် ကော်သူးလေ လူမှုဝန်းကျင်အတွင်းရှိ အမျိုးသမီးများ၏ အခွင့်အရေး၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုနှင့် ဘေးကင်းလုံခြုံမှုကို မြှင့်တင်ရန် စည်းလုံးညီညွတ်စွာ ကတိကဝတ် ပြုခဲ့ကြသည်ဟု နှီးနှောပွဲနှင့် ပတ်သက်သည့် ကရင်အမျိုးသမီး အစည်းအရုံး KWO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကော်သူးလေ အမျိုးသမီးများ နှီးနှောဖလှယ်ပွဲသို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ တာဝန်ရှိသူများ၊ တစ်သီးပုဂ္ဂလ ပညာရှင်များ၊ နေရာဒေသ အသီးသီးရှိ ကရင်အရပ်ဖက်အဖွဲ့အစည်းများနှင့် ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် ဦးဆောင်နေသည့် ခေါင်းဆောင်များ အပါအဝင် ကိုယ်စားလှယ် စုစုပေါင်း အယောက် ၁၄၀ ကျော် တက်ရောက်ခဲ့ကြသည်။
Photo credit- Seminar Committee