မိုးကုတ်အား တပတ်အတွင်း ၃ ကြိမ်မြောက် ဗုံးကြဲရာ ကလေးအပါအဝင် ၈ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်။ 

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို တစ်ပတ်အတွင်း တတိယ အကြိမ်မြောက် လေကြောင်းတိုက်မှု ထပ်မံ ပြုလုပ်ခဲ့ရာ ကလေး အပါအဝင် ၈ ဦး ထိခိုက်ဒဏ်ရာ ရသည်ဟု ဒေသခံများက ပြောသည်။ 

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့ရှိ ပန်းမထိပ်ရပ်ကွက် ဂေါ်ရခါး အပေါ်ရွာအား ဇူလိုင်လ ၁၃ ရက်နေ့၊ ည ၁၀ နာရီခွဲဝန်းကျင် အချိန်ခန့်၌ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဂျက်ဖိုက်တာဖြင့် လာရောက် ကြဲချခဲ့ခြင်း ဖြစ်သည်။

ပန်းမထိပ်နှင့် ရပ်ကွက်ချင်း နီးစပ်သူ တစ်ဦးက ဂေါ်ရခါး ရွာကြဲတာ ဆိုပေမယ့် ဗမာတွေလည်း ထိတယ်။ ရပ်ကွက်ချင်း တော်တော် လှမ်းတာတောင် အိမ်ကအရမ်း တုန်သွားတယ်။ မနေ့ည ကြဲတာ အသိထဲက လက် သမား ဆရာမော်လီအိမ်လည်း ထိတယ်။ သူတို့ မိသားစုထိတယ်လို့ လှမ်းပြောလာတယ် ဟု ပြောသည်။

ဗုံးကြဲ တိုက်ခိုက်ခံရမှု အတွင်း အသက် ၁၀ နှစ်ဝန်းကျင် ကလေး ၃ ဦး အပါအဝင် ဒေသခံရွာသား ၈ ဦး ပြင်းထန် ဒဏ်ရာများ ရရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါ ၈ ဦးမှာ နဖူး၊ ပေါင်ခြံ၊ ဝမ်းဗိုက်၊ ဦးခေါင်း စသည့် နေရာများတွင် ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ပြီး တစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသည့်အပြင် အချိန်နှင့်အမျှ သေဆုံးသူ စာရင်း တိုးလာနိုင်သည်ဟု မြေပြင်၌ အကူအညီပေးနေသူများ၏ ပြောပြချက်များအရ သိရသည်။

ပန်းမထိပ်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက တော်တော် စိတ်ကင်ဆာ ပေးတာပဲ။ မနေ့ည တစ်ညလုံး ဘယ်သူ မှ မအိပ်ရဲဘူး။ ရှေ့ရက်တွေလည်း နိုးစက်ပေးပြီး ကျင်းထဲ ပြေးပြေးဆင်းနေရတာ။ မိုးကုတ်ကြဲရင် ကလေး တွေပဲ အများဆုံး ထိတာဆိုတော့ မိဘတွေလည်း စိတ်ဒဏ်ရာ ရနေကြပြီ ဟု ပြောသည်။

အလားတူ ဇူလိုင်လ ၉ ရက်နေ့၊ ည ၈ နာရီဝန်းကျင် အချိန်ခန့်၌လည်း ပန်းမထိပ်ရပ်ကွက်အား လေကြောင်းမှ တိုက်ခိုက်ခဲ့ရာတွင် အသက် ၁၀ နှစ်ဝန်းကျင် အရွယ် ကလေး ၅ ဦး သေဆုံးပြီး ၅ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ သည်ဟု ရပ်ကွက်နေပြည်သူများက ပြောဆိုသည်။

ထို့အပြင် ဇူလိုင်လ ၈ ရက်နေ့ ည၌လည်း မိုးကုတ်မြို့ အနောက်ပိုင်းရှိ ‘ကြိုးစားသူများ’ အထက်တန်းကျောင်း အား ပေါင် ၂၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ပြီး အရပ်သား ၃ ဦး သေဆုံးခဲ့ရသည်ဟု ကျောင်းတာဝန်ရှိသူများက ပြောသည်။