ရွေးကောက်ပွဲကို အယုံအကြည်မရှိကြောင်း တအာင်းပါတီပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်။ 

စစ်ကောင်စီက ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲသည် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို မတရား ရယူရန် ကြိုးပမ်းသည့် အတုအယောင် လုပ်ရပ်တစ်ခုသာ ဖြစ်ကြောင်း တအာင်း (ပလောင်) အမျိုးသားပါတီ (TNP) က ပြောသည်။

လက်ရှိ စစ်ကောင်စီက ကျင်းပရန် ရည်ရွယ်နေသည့် ရွေးကောက်ပွဲကို အယုံအကြည် မရှိကြောင်း TPN ပါတီ၏ အထွေထွေ အတွင်းရေးမှူး မိုင်းနိုင်ဂေါင်ဇာရ်က ပြောသည်။

ဒီရွေးကောက်ပွဲက စစ်မှန်တဲ့ ရွေးကောက်ပွဲလည်း မဖြစ်နိုင်သလို၊ တရားမျှတတဲ့ ရွေးကောက်ပွဲလည်း မဖြစ် နိုင်ဘူး။ ပြီးတော့ ရွေးကောက်ပွဲကို ခွဲပြီး အပိုင်းလိုက် ပြုလုပ်မယ်လို့လည်း ပြောထားတာ တွေ့တော့ ပိုပြီး တောင် ယုံကြည်လို့ မရဘူးပေါ့နော်။

ဇွန်လ ၂၇ ရက်နေ့မှ ဇွန်လ ၂၉ ရက်နေ့အထိ ပြုလုပ်ခဲ့သော TNP ၏ ၆ လပတ် မျက်နှာစုံညီ အစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲ ပြင်ဆင်နေမှုကို အဓိကထား ကန့်ကွက်ခဲ့ပြီး အဆိုပါ လုပ်ရပ် သည် တရားဝင်မှု မရှိကြောင်း အတိအလင်း ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် ရွေးကောက်ပွဲ ကျင်းပရေးထက် စစ်တပ်သည် နိုင်ငံရေးမှ နုတ်ထွက်ပြီး အကြမ်းဖက်မှုများ အတွက် တာဝန်ခံရန် လိုလားသည်ဟု ဆက်ပြောသည်။ 

မိုင်းနိုင်ဂေါင်ဇာရ်က ဒီအချိန်မှာ ရွေးကောက်ပွဲက မြန်မာနိုင်ငံအတွက် အရေးမကြီးသေးပါဘူး။ အရေးကြီးတာ က ဒီအကြမ်းဖက်မှုကို အမြန်ဆုံး ရပ်တန့်ပြီး မြန်မာစစ်တပ်ဟာ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ မပါဝင်တော့ ကြောင်း အတိအလင်း ထုတ်ပြန်ပြီး သူကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ အတွက် တရားရင်ဆိုင်ဖို့ပဲ ဖြစ်တယ် ဟု ပြောသည်။

TPN ပါတီ၏ ဗဟိုကော်မတီ အစည်းအဝေးအပြီး ဇူလိုင်လ ၁၂ ရက်နေ့က ထုတ်ပြန်သည့် သဘောထား ထုတ်ပြန် ချက်ထဲတွင် စစ်ကောင်စီ၏ လူသားမဆန်သော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ကို ကန့်ကွက်ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အမြန်ဆုံး အရေးယူ ဆောင်ရွက် ပေးရန် တိုက်တွန်းထားသည်။

ဒေသခံ တအာင်းပြည်သူများ တရုတ်၏ ဖိအားကို ရင်ဆိုင်နေရချိန် စစ်ကောင်စီသည် တရုတ်ကို အားကိုးပြီး ရွေးကောက်ပွဲ ကျင်းပရန် ဖိအား ပေးလာနိုင်ခြေနှင့် ပတ်သက်၍လည်း မိုင်းနိုင်ဂေါင်ဇာရ် က ယခုကဲ့သို့ ပြောဆိုသည်။

တရုတ်ဘက်က သူများရဲ့ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ဘူးလို့ ပြောထားတယ်။ သူကသာ အတင်း အကြပ် ဖိအားပေး တကယ် လုပ်နေတယ် ဆိုရင်တော့ တကယ့်နိုင်ငံကြီး တစ်နိုင်ငံကောင်း မပီသဘူးပေါ့နော်။  

စစ်ကောင်စီ၏ အုပ်ချုပ်ရေးနှင့် ရွေးကောက်ပွဲကို ငြင်းပယ်သည့် အပြင် TNP ပါတီ အနေဖြင့် တအာင်းဒေသ အတွက် ၎င်းတို့၏ နိုင်ငံရေးလမ်းပြမြေပုံကိုလည်း ထုတ်ပြန်ချက်တွင် ချပြခဲ့သည်။ 

TNP ပါတီ သည် တအာင်း နိုင်ငံရေး အတိုင်ပင်ခံ ကော်မတီ (TPCC) မှ တအာင်းပြည် ကောင်စီ (TLC) အဖြစ်သို့ ပြောင်းလဲ ဖွဲ့စည်းမှုကိုလည်း ထောက်ခံပြီး TLC မှ ဦးဆောင် အကောင်အထည် ဖော်မည့် ‘တအာင်းပြည် တော် လှန်ရေး ကာလ အစိုးရ အစီအမံ’ တွင် အပြည့်အဝ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အတည်ပြု ထားသည်။

TNP ပါတီသည် စစ်ကောင်စီ၏ နိုင်ငံရေး လုပ်ငန်းစဉ်များကို ဆန့်ကျင်ပြီး ဘုံရန်သူဖြစ်သည့် အာဏာရှင် စနစ်ကို အမြစ်ပြတ် တိုက်ဖျက်ကာ၊ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးကိုသာ ဦးတည်ကြောင်း အတည်ပြု ပြောကြားထားသည်။