ရေးမြို့နယ်တွင် မီတာခများ တိုးကောက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်။ 

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ မီးလင်းရေးကော်မတီမှ လျှပ်စစ်ဓာတ်အားသုံးစွဲခ (မီတာခ) တိုးကောက်လာသည့် အတွက် ဒေသခံပြည်သူများ အခက်အခဲများနှင့် ကြုံနေရသည်။

မြန်မာနိုင်ငံအနှံ့တွင် စက်သုံးဆီ ပြတ်လပ်မှုနှင့် ဈေးနှုန်းမြင့်တက်လာမှုတို့ကြောင့် မီးလင်းရေး ကော်မတီမှ လျှပ် စစ် မီတာခကို ပိုမိုတိုးကောက် လာရခြင်းဖြစ်သည်ဟု မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM)  နိုင်အဲမွန်က ပြောသည်။ 

၎င်းက ရေးမြို့နယ်မှာရှိတဲ့ မီးလင်းရေးကော်မတီ ဟာဆိုလို့ရှင် သူတို့က ပုံမှန် တွေထက် ဈေးကြီးပြီးသား အဲ့ ဈေးကြီး ပြီးသားကနေ ထပ်ပြီးတော့ တိုးကောက်လိုက်တဲ့ သဘောဖြစ်သွားတယ်။ ပြည်သူတွေက လုံးဝအခက် အခဲဖြစ်သွားတယ်။ လူတွေက ရုန်းကန်ရပြီးသားပဲနော်။ စားဝတ်နေရေးအတွက် ရှင်သန်ဖို့ အတွက် တစ်ချို့ဆို ရင် ထမင်းတစ်နပ်၊ တစ်ချို့ဆိုလို့ ရှိရင်တော့ ဆန်ပြုတ်တွေနဲ့ အသက်ဆက်နေရတဲ့ ကာလတစ်ခု ဖြစ်နေတဲ့ ခါ ကျတော့ မီးကို တစ်ခါထပ်ပြီးတော့ တိုးကောက်လိုက်တဲ့ အခါကြတော့ ပိုပြီးဆိုးတာပေါ့နော။ မီးမရှိဘဲ နေလို့မှ မရတာ။ အဲ့မျိုးလို အပ်ချက်တွေကလည်း တောက်လျှောက်ကြီး ရှိနေတဲ့ခါကြတော့ ပြည်သူတွေက ဒီကိစ္စတွေ ကို တော်တော်ကြီးကို ခါးစည်းခံနေကြရတဲ့ အခြေအနေ ဖြစ်သွားပြီးပေါ့နော် ဟု ပြောသည်။

မီတာခများ တိုးမြင့်လိုက်ခြင်းကြောင့် လျှပ်စစ်မီး အသုံးပြု၍ လည်ပတ်ရသည့် လုပ်ငန်းများ၏ ကုန်ပစ္စည်း ဈေးနှုန်းများသည်လည်း မြင့်တက်လာရသည်ဟု HURFOM က ဆိုသည်။

လျှပ်စစ် ဓာတ်အား မရရှိပါက ကြုံတွေ့လာနိုင်သည့် အဆင်မပြေမှုများနှင့် ပတ်သက်၍ နိုင်အဲမွန်က ယခုကဲ့သို့ ပြောသည်။

အရေးကြီးတာက ကျန်းမာရေး လုပ်ငန်းတွေပေါ့နော်။ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု ကိစ္စရပ်တွေမှာ ရေခဲ သေတ္တာ အသုံးပြုနေရတဲ့ ကိစ္စတွေ၊ hospital တွေမှာ သွေးတွေ သိုလှောင်ရတဲ့ အခါမျိုးမှာ တစ်ခြားသော ကာ ကွယ်ဆေးဆိုင်ရာ ဆေးပစ္စည်းတွေ ထားသိုတဲ့အခါကြရင် အအေးထားရတာတို့ အပူထားရတာတို့ ရှိတယ်။ ဆို တော့ မီးမရှိရင် ဘယ်လိုမှ ဒါကြောင့်မလို့ မီးကို ဘယ်လောက်ပဲ ကုန်ကျ ကုန်ကျ လျှပ်စစ်မီး ရှိနေအောင် တော့ အမြဲတမ်း လုပ်ထားရတဲ့ သဘောဖြစ်နေတယ် ဟု ပြောသည်။

ထို့အပြင် ရေးမြို့နယ် ဒေသအတွင်း လုပ်ငန်းများဖြစ်သည့် ရာဘာခြစ်ရာတွင် မော်တာအသုံးပြုခြင်း၊ ဘက်ထရီ အား ဖြည့်ခြင်း၊ ဝပ်ရှော့ခ်စသည့် လျှပ်စစ်ဓာတ်အား အသုံးပြု၍ လည်ပတ်ရသော လုပ်ငန်းများ လုပ်ကိုင် ကြသည့်အတွက် လျှပ်စစ်ဓာတ်အားသည် လူမှုပတ်ဝန်းကျင် နေထိုင်မှုအတွက် မရှိမဖြစ် လိုအပ်သည့် အရာ တစ်ခု ဖြစ်သည်ဟု နိုင်အဲမွန်က ပြောသည်။

ရေးမြို့နယ်သည် နိုင်ငံတော်မှ ပေးသည့် လျှပ်စစ်ဓာတ်အား မရရှိသည့်အတွက် ပုဂ္ဂလိက ကုမ္ပဏီထံမှ လျှပ်စစ် ဓာတ်အား ဝန်ဆောင်မှုများကို ဈေးကြီး ပေးဆောင် ဝယ်ယူသုံးစွဲကြရသည့် မြို့နယ် ဖြစ်သည်။

ရေးမြို့နယ် တောင်ပိုင်းတွင် မြတ်သူရ ကုမ္ပဏီမှ လျှပ်စစ်ဓာတ်အားခကို 1kWh လျှင် ၂,၀၀၀ ကျပ်မှ ၂,၁၀၀ ကျပ်သို့ တိုးမြင့် ကောက်ခံနေပြီး၊ မြောက်ပိုင်းတွင် တောင်ပိုင်း မြန်မာဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီမှ ယခင်က 1KWh လျှင် ၂,၀၀၀ကျပ် မှ လာမည့် စက်တင်ဘာလတွင် ၂,၂၀၀ကျပ် သို့ တိုးမြင့် ကောက်ခံသွားမည် ဖြစ်သည် ဟု လျှပ်စစ်ဓာတ်အားပေးဝေရေး ကော်မတီမှ ထုတ်ပြန်ကြေညာခဲ့သည်ဟု HURFOM က ဖော်ပြထားသည်။ 

လက်ရှိတွင် ဟင်းသီးဟင်ရွက် အပါအဝင် ကုန်ပစ္စည်းများအားလုံးပါ ဈေးမြင့်တက်နေပြီး လျှပ်စစ်မီတာခ ထပ်မံ တိုး ကောက်လာသည့်အတွက် ရေးမြို့နယ် ဒေသခံများ အနေဖြင့် အဘက်ဘက်မှ အကြပ်အတည်း အခက်အခဲ များနှင့် ရင်ဆိုင်ကြုံတွေ့ရသည်ဟု HURFOM က ဆိုသည်။