ရှမ်းမြောက်တိုက်ပွဲများ အတွင်း အနည်းဆုံး PNA စစ်သား ၁၆ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်။ 

ရှမ်းပြည် မြောက်ပိုင်းတွင် ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲများအတွင်း ပအိုဝ်းပြည်သူ့စစ် (PNA) ဖက်မှ တပ်ဖွဲ့ဝင် ၁၆ ဦးခန့် သေဆုံးခဲ့သည်ဟု PNA နှင့် နီးစပ်သူများက ပြောသည်။

အဆိုပါ ကျဆုံးသူများကို စစ်ကောင်စီနှင့် PNA အရာရှိပိုင်းများမှ နာရေးပြုလုပ်ခွင့် မပေးသဖြင့်   မွှေတော်ကျေး ရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် တိတ်တဆိတ် သင်္ဂြိုဟ်လိုက်ရသည်ဟု ဆိုသည်။

နီးစပ်သူ တစ်ဦးက ၁၆ ယောက်ဆိုတာက အလောင်းပြန်ရတာပဲ ပြောတာနော်။ တကယ်တမ်းက ရာကျော်ရှိ တယ်။ ဘာမှကို လူသိ ခံလို့ မရဘူး။ အိမ်နီးနားချင်းတွေတောင် မသိရဘူး။ ဘုန်းကြီးကျောင်းနဲ့ နီးတဲ့လူတောင် မသိဘူး ဟု ပြောသည်။

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးခဲ့သူများမှာ တောင်ကြီးမြို့၊ မြောက်ဘက်နှင့် ရပ်စောက်မြို့နယ်များရှိ ပအိုဝ်းကျေး ရွာများမှ ဖြစ်ပြီး PNA က ဆီဆိုင်တိုက်ပွဲ စတင်သည့် ၂၀၂၀၄ ခုနှစ် အစောပိုင်းကတည်းက တပ်သားသစ်အဖြစ် စုဆောင်းခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူ ၁၆ ဦးအနက် ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာ ရပ်ကွက် ၂ မှ ခွန်တမောင်နှင့် ဟိုပုံးမြို့နယ်၊ နောင်ခုံး ကျေးရွာမှ ခွန်တဗွုတ်တို့ ၂ ဦးမှာ ဇူလိုင်လ ၁၆ ရက်နေ့တွင် သေဆုံးခဲ့ခြင်း ဖြစ်ပြီး ကျန် ၁၄ ဦး၏ အချက် အလက်များကိုမူ သတင်းနှင့် မီဒီယာကွန်ရက်မှ စုံစမ်းနေဆဲ ဖြစ်သည်။

ထို့အပြင် ပင်ဖြစ်ကျေးရွာ ရပ်ကွက် ၂ မှ ခွန်မောင်မောင် ဆိုသူမှာလည်း တိုက်ပွဲအတွင်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး လက်ရှိ ဆေးကုသနေရသော်လည်း PNA က ကျန်းမာရေးစရိတ် တစ်စုံတစ်ရာ တာဝန်ယူပေးမှု မရှိသေးဘူးဟု ဆိုသည်။

PNA နှင့် နီးစပ်သူ တစ်ဦးက သူတို့က သေလည်း အကြောင်းမကြားဘူး။ မိသားစုက ကိုယ့်တိုင်စုံစမ်းလို့ သိရရင်တောင် နာရေးသွားလို့ မရဘူး။ ပြည်သူတွေလည်း ပါချင်လွန်းလို့ ဘယ်ဟုတ်မလဲ။ စစ်မှုထမ်း ဥပဒေ ထွက်တော့ ပအိုဝ်းအချင်းချင်းဆို သိပ်မဆိုးလောက်ဘူး ထင်ပြီး ဝင်ကြတာ။ အကုန်သေတာပဲ ဟု ပြောသည်။

ရှမ်းမြောက် စစ်ပွဲများအတွင်း ကိုးကန့်တပ်မတော် (MNDAA) မှ လမ်းစရိတ်ပေး၍ ပြန်လွတ်ခဲ့သူများကိုလည်း PNA က ဆက်လက် တာဝန်ထမ်းဆောင်ရန် စေခိုင်းထားပြီး ဟိုပုံးမြို့နယ်၊ နောင်ခုံးကျေးရွာမှ ခွန်တဗွုတ် ဆိုသူ လည်း အပါအဝင် ဖြစ်သည်ဟု နီးစပ်သူများက အတည်ပြုသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ကာလအတွင်း PNA မှ ယခင်ထက် တပ်သားသစ် ပိုမိုစုဆောင်းနေပြီး ပြီးခဲ့သည့် ရက်ပိုင်းများကလည်း နောင်တရားဒေသတွင် PNA တပ်သားသစ် ၁၀,၀၀၀ ဖြင့် စစ်ရေးပြခဲ့သေးသည်။