သီပေါတွင် လက်နက်ကြီးနှင့် လေယာဉ်ဗုံးကြဲမှုကြောင့် အရပ်သား ၁၉ ဦးသေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းမှ ပစ်ခတ်မှု များကြောင့် အရပ်သား ၁၉ ဦးသေဆုံး၊ ၁၉ ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်။
ထို့အအပြင် နေအိမ် အဆောက်အအုံပေါင်း အလုံးရေ ၁၁၀ ကျော် ပျက်စီးခဲ့ရသည်ဟု ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် SHRF က ထုတ်ပြန် ပြောဆိုလိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်ကို ဩဂုတ်လ ၂၆ ရက်နေ့က ထုတ်ပြန်ထားပြီး ဇူလိုင်လ ၁၉ ရက်နေ့ မှ ဩဂုတ်လ ၂၅ ရက်နေ့အတွင်း သီပေါမြို့တွင် စစ်ကောင်စီ၏ အရပ်သား ပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က စာရင်းပြုစုထားခြင်း ဖြစ်သည်။
ရှမ်းလူ့အခွင့် အရေး မဏ္ဍိုင် SHRF မှ ပြောရေးဆိုခွင့်ရှိသူ ယိန်းလျန်းဟန်က “လောလောဆယ်တော့ ရှမ်း မြောက်မှာ တိုက်ပွဲဖြစ်နေတာ ဒီနေရာပဲ ရှိတော့တယ်ပေါ့နော်။ နောင်ချို ဘက်မှာဖြစ်နေတယ် ဆိုပေမဲ့ သူက လည်း ရွာတွေနဲ့ နည်းနည်းတော့ ဝေးတယ်ရှင့်။ အဓိက ပျက်စီးတာကတော့ ဒီဘက်မြို့ရဲ့ နမ့်ပေါ့ တောင်ဘက် နမ့်ပေါ့ ချောင်း ဟိုဘက် တစ်ဖက်ခြမ်းမှာရှိတဲ့ ဇာတ်စုရပ်ကွက် စစ်တပ်နဲ့နီးတယ်ပေါ့နော်။ ဇာတ်စုရပ်ကွက်၊ တုံစင့်ရွာ၊ ကျောင်းစုရွာ အဲ့ဘက်တွေမှာ အပျက်အစီးများတယ်၊ ထိခိုက်သေဆုံးမှု များတယ်ရှင့်” ဟု ပြောသည်။
မြို့၏ တောင်ဘက်ခြမ်းက ရွာများရှိ အရပ်သားနှင့် နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီးမှုက အများဆုံး ဖြစ် သည်ဟု ယိန်းလျန်းဟန်က ပြောသည်။
ထို့အပြင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဩဂုတ်လ ၆ ရက်နေ့က သီပေါမြို့ အရှေ့ဘက်ရှိ နောင်ကော်ကြီး ဘုန်းကြီးကျောင်းတွင် သံဃာတော်တစ်ပါး နှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပြီး အခြားသံဃာ တော်တစ်ပါး ဒဏ်ရာရခဲ့သည်ဟု ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် SHRF က ဆိုသည်။
သီပေါမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်နေသည့် အခြေအနေများနှင့် ပတ်သက်၍ ယိန်းလျန်းဟန်က ယခုကဲ့သို့ ဆက်ပြောသည်။
“သီပေါမြို့ပေါ် ရပ်ကွက် အကုန်လုံးနီးပါးရယ် သီပေါမြို့ ပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေ အကုန်လုံး နီးပါး ခံစားရတယ်ရှင့်။ စစ်ကောင်စီကတော့ အရပ်ဘက်စစ်ဘက် ပစ်မှတ် အဲ့လိုမျိုး မခွဲခြားဘဲနဲ့ သူတို့ကတော့ ကြုံ တဲ့နေရာကို အကုန်လုံးကို ဒီတိုင်း ရမ်းသမ်းပြီး ပစ်နေတာမျိုးတွေ တွေ့ရတယ်ရှင့်။ စစ်တပ်ကတော့လေ သူတို့ ရှုံးရင်တော့ သူတို့ ဒီလိုမျိုး ရမ်းပြီး ပစ်မှာပဲရှင့်။ သူတို့ကတော့ ရမ်းပြီးတော့ ဘယ်လိုပြောမလဲ ကိုယ်က စစ်ရှုံး တဲ့အခါ မနိုင်တဲ့အခါ အရပ်သားတွေကို မဲတာပေါ့နော်။”
စစ်ကောင်စီ၏ အရပ်သားပြည်သူများ အပေါ် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြန်လည်အရေးယူမှုများ လုပ်ဆောင်နိုင်ရန် ကြိုးစားမည်ဟု ယိန်းလျန်းဟန်က ဆို သည်။
ဩဂုတ်လ ၂၇ ရက်နေ့ ကလည်း သီပေါမြို့ရှိ ရပ်ကွက်များထဲသို့ စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ပြည်သူ အမျိုးသားနှစ်ဦး သေဆုံးခဲ့ရသည့်အပြင် နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ သည်ဟု ဟုတအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားသည်။
ထို့အပြင် စာသင်ကျောင်းများနှင့် နေအိမ်များထဲသို့ ဗုံးသီးများ ကျရောက် ပေါက်ကွဲခဲ့သည့်အတွက် ပျက်စီးမှုများ ရှိခဲ့သည်ဟု TNLA က ဆိုသည်။
စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းမှ ပစ်ခတ်မှုများကြောင့် ယခုလ (ဩဂုတ်လ) အတွင်း သီပေါမြို့ ထဲတွင် အရပ်သားပြည်သူ ၂၀ ကျော် သေဆုံးခဲ့ပြီး ၄၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု တအာင်းတပ်မတော် TNLA ၏ ထုတ်ပြန်ထားသည်။