ဥရောပတောင်ပိုင်း တောမီးဒဏ် အပြင်းအထန် ခံနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်။
ဥရောပတောင်ပိုင်းနိုင်ငံများတွင် အပူလှိုင်းပြင်းထန်စွာ ဖြတ်သန်းသွားပြီးနောက် တောမီးအန္တရာယ်နှင့် အပြင်းအထန် ကြုံတွေ့နေရသည်။
လက်ရှိတွင် ပေါ်တူဂီ၊ စပိန်၊ ပြင်သစ်နှင့် ဂရိနိုင်ငံတို့၌ တောမီးများ တဟုန်ထိုး လောင်ကျွမ်းလျက်ရှိရာ မြေဟက်တာ ၂ သောင်းကျော် (ဧက ၅ သောင်းခန့်) မီးလောင်ပျက်စီးခဲ့ပြီး လူပေါင်းများစွာကို အရေးပေါ် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရသည်။
ဤတောမီးအန္တရာယ်သည် ကမ္ဘာကျော် ပြင်သစ်စက်ဘီးစီးပြိုင်ပွဲ (Tour de France) ကိုပါ ခြိမ်းခြောက်လျက်ရှိရာ၊ ပြင်သစ်နိုင်ငံတွင်း ဖြတ်သန်းမည့် ပြိုင်ပွဲတတိယအဆင့်ကို ပရိသတ်မပါဘဲ ကွင်းပိတ်ကျင်းပရန် အာဏာပိုင်များက ဆုံးဖြတ်ခဲ့သည်။
စပိန်နိုင်ငံ ဂျီရိုနာ (Girona) ဒေသတွင်လည်း အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်စ်အထိ မြင့်တက်နေပြီး ခရီးသွားကမ်းခြေများအထိ တောမီးကူးစက်မည့် အန္တရာယ်ရှိနေသည်။
ဂရိနိုင်ငံတွင်လည်း စက်ရုံနှစ်ရုံ မီးလောင်ပျက်စီးခဲ့သည်။
ပေါ်တူဂီနိုင်ငံတွင် တောမီးအချို့ကို ထိန်းချုပ်နိုင်ပြီဖြစ်သော်လည်း ဒေသအများအပြား၌ အပူလှိုင်းသတိပေးချက်များကို ဆက်လက်ထုတ်ပြန်ထားရဆဲဖြစ်သည်။
လူသားတို့၏ ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာ သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသည့် ရာသီဥတုပြောင်းလဲမှုသည် ယခုကဲ့သို့ အပူလှိုင်းနှင့် တောမီးအန္တရာယ်များကို ပိုမိုပြင်းထန်လာစေခြင်းဖြစ်ကြောင်း ပညာရှင်များက ထောက်ပြထားသည်ဟု ဒီဒဗလျူ (DW) သတင်းတွင် ဖော်ပြထားသည်။
Photo:(AP/Giannis Papanikos)