စစ်ကြောင်းထိုးလာ၍ ကန်ပက်လက်တွင် အရပ်သား ၁,၀၀၀ ကျော် စစ်ဘေးရှောင်နေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်။
ချင်းပြည်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ လောင်းရှည်-ကျင်ဒွေး လမ်းပိုင်းရှိ ကျေးရွာများအတွင်းသို့ စစ်အုပ်စုတပ် စစ်ကြောင်း ထိုးဝင်ရောက်လာသောကြောင့် မဆာတွီကျေးရွာ အပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာ ၇ ရွာမှ ဒေသခံပြည်သူ ၁,၀၀၀ ကျော် စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။
အဆိုပါ စစ်ကြောင်းမှာ အင်အား ၅၀၀ ကျော်ပါဝင်ပြီး တပ်မ ၇၇ ဗျူဟာမှူး ကိုယ်တိုင် ဦးစီးကာ ယောဒေသနယ် အနောက်တောင်ပိုင်းမှ ချင်းပြည်နယ်တောင်ပိုင်း ထိစပ်နယ်မြေများသို့ ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
စက်တင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ကန်ပက်လက်မြို့နယ်အတွင်း အင်အား ၂၀၀ ကျော် ဝင်ရောက်လာ ပြီး မဆာတွီကျေးရွာတွင် တပ်စွဲထားကြောင်း ဒေသခံက ပြောသည်။
စစ်ကြောင်း ထိုးစစ်ဆင်မှု အခြေအနေနှင့် ပတ်သက်၍ ဒေသခံ တော်လှန်ရေး သတင်းအရင်းအမြစ် တစ်ဦးက “စစ်အုပ်စုတပ်က အင်အားတချို့ကို လောင်းရှည်မြို့နယ် ဆွဲလွဲကျင်းရွာ လမ်းဘက်မှာ ချန်ထားခဲ့တယ်။ အင် ဘူး၊ ဆွဲလွဲကျင်း၊ မဆာတွီ စတဲ့ ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးနေရပြီ။ စစ်ကြောင်းက လူတချို့ကို လည်း ဖမ်းဆီးထားတာမျိုးတွေ ရှိတယ်” ဟု ပြောသည်။
ထို့ပြင် စစ်အုပ်စုတပ်သည် ကျင်ဒွေးမြို့ဘက်မှ ဆင်းလာသည့် ဆိုင်ကယ် ၂ စီးနှင့် ပြည်သူ ၄ ဦးကို အင်ဘူး ကျေးရွာတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်သွားသည့်အပြင် နောက်ထပ် ဒေသခံ ပြည်သူ အချို့ကိုလည်း ဆက်လက် ဖမ်းဆီးထားကြောင်း အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
မြေပြင်စစ်ကြောင်း ထိုးလာမှုနှင့်အတူ စစ်အုပ်စုတပ်သည် ကန်ပက်လက်မြို့နယ်၊ အမှတ် (၆) ရှိ မဆာတွီကျေး ရွာသို့ လေကြောင်းမှပါ ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းသတင်းဌာန အချို့က ဖော်ပြထားသည်။
စက်တင်ဘာလ ၂၆ ရက် မွန်းလွဲ ၁၂ နာရီဝန်းကျင်၊ စက်တင်ဘာလ ၂၇ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်နှင့် စက်တင် ဘာလ ၂၈ ရက် ညနေ ၆ နာရီဝန်းကျင်တို့တွင် မကွေးလေတပ်မှ တက်လာသည့် ဖိုက်တာဂျက် ၁ စီးဖြင့် ကျေးရွာ အတွင်းသို့ ဆက်တိုက် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။
ထိုသို့ လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် မဆာတွီကျေးရွာအတွင်း ထိခိုက်ပျက်စီးမှု အခြေအနေများကို အသေးစိတ် မသိရသေးသော်လည်း ကျေးရွာနေ ပြည်သူများမှာ ဆက်လက်နေထိုင်ရန် မဖြစ်နိုင်တော့ဘဲ ဘေးလွတ်ရာသို့ အလုံးအရင်းဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရသည်။
လက်ရှိတွင် မဆာတွီကျေးရွာ အပါအဝင် အနီးဝန်းကျင်ရှိ အင်ဘူး၊ ဆွဲလွဲကျင်း၊ မကွေ့၊ ဆွေလွဲ၊ ပါးအောင်းနှင့် တဲဇင်း ကျေးရွာတို့မှ ဒေသခံ ၁,၀၀၀ ကျော် စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီး စစ်အုပ်စုတပ်ဘက်မှ လေကြောင်း တိုက်ခိုက်မှုအချို့ပါ ပြုလုပ်လျက်ရှိသည်။
အဆိုပါ တပ်မ ၇၇ စစ်ကြောင်းသည် စက်တင်ဘာလ ၂၄ ရက်က အင်ဘူးကျေးရွာသို့ ရောက်ရှိနေသည့် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းနှင့် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဆွဲလွဲကျင်းကျေးရွာဘက်သို့ ဝင်ရောက်လာသည့် အင်အား ၄၀၀ ပါ စစ်ကြောင်းတို့ ပူးပေါင်းထားခြင်း ဖြစ်ပြီး လက်ရှိတွင် အင်ဘူး၊ ဆွဲလွဲကျင်းနှင့် မဆာတွီ ကျေးရွာ ထိစပ်နယ်မြေများတွင် ဖြန့်ကျက် နေရာယူထားသည်။
ထိုစစ်ကြောင်းသည် မကင်းမီ ရက်ပိုင်းကလည်း ယောဒေသ ဆောမြို့နယ်၊ တောင်ဘို့ကြီးကျေးရွာအတွင်းသို့ ဝင်ရောက်ကာ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ပြည်သူလူနေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ကျွမ်း ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဓာတ်ပုံ – (ပေးပို့ / စက်တင်ဘာလ ၂၆ ရက်က စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မဆာတွီကျေးရွာအတွင်းက အပျက်အစီးများ)