ချင်းပြည် ကန်ပက်လက်၊ ကျင်ဒွေးမြို့အနီးသို့ စစ်အုပ်စုတပ် စစ်ကြောင်းထိုး ရောက်ရှိလာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်။
အာရက္ခတပ်တော် (AA) နှင့် ချင်းတော်လှန်ရေး ပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် ချင်းပြည်တောင်ပိုင်း၊ ကန် ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့နှင့် ၈ မိုင်ခန့်အကွာ မောချောင်းကျေးရွာအနီးသို့ စစ်တပ်က လက်နက်ကြီး နှင့် လေကြောင်း ပစ်ကူများ သုံး၍ စစ်ကြောင်းထိုး ရောက်ရှိလာကြောင်း ဒေသခံများနှင့် စစ်ရေး သတင်းမြစ် များက ပြောသည်။
ကန်ပက်လက် ထိုးစစ်အတွက် စစ်အုပ်စုတပ်သည် တပ်မ ၇၇ အပါအဝင် တပ်မ ၅၅၊ ၈၈၊ ၉၉ နှင့် ၁၀၁ တို့မှ အင် အား ၁,၀၀၀ ခန့် ထုတ်နှုတ် အသုံးပြုထားပြီး လက်ရှိတွင် ကျင်ဒွေးဒေသသို့ အင်အား ၇၀၀ ကျော်ဖြင့် မောချောင်းကျေးရွာကို ကျော်လွန်ကာ အောက်တိုဘာလ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် မြို့အနီးသို့ ထိုးစစ်ဆင်လာ ခြင်း ဖြစ်သည်။
ချင်းဒေသခံ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက “ကျင်ဒွေးက မတူပီ၊ ကန်ပက်လက်နဲ့ ရခိုင်ပြည် အမ်း၊ မင်းပြား ဘက်ကို တက်ဖို့လုပ်နေတာ။ စစ်တပ်က မဟာဗျူဟာမြောက် စစ်ရေးလမ်းကြောင်းပေါ်က မောချောင်း ချောင်းဖျားဒေသက ရွာငယ်တွေကိုပါ ကျော်လာတဲ့သဘော။ သိရတာက တပ်မ ၇၇ ကနေပြီးတော့ စစ်ကြောင်း ထိုးလာတာပါ” ဟု ပြောသည်။
အဆိုပါ စစ်ကြောင်းသည် စက်တင်ဘာလ ၂၆ ရက်မှ စတင်ကာ ကျင်ဒွေးမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ရန် စစ်ကြောင်းထိုးလာခြင်း ဖြစ်ပြီး ပြည်သူ့စစ်မှုထမ်း သာမန်တပ်သားသစ်များအပြင် တော်လှန်ရေး အဖွဲ့အစည်း အချို့မှ အညံ့ခံ ပူးပေါင်းခဲ့သူများကိုပါ ရှေ့တန်းတွင် ထည့်သွင်း အသုံးပြုထားသည်။
ဒေသခံ ချင်းတော်လှန်ရေး သတင်းအရင်းအမြစ်တစ်ဦးကလည်း “စစ်ကြောင်းဟာ လေကြောင်းပစ်ကူတွေ နေ့စဉ်နီးပါးရယူပြီး ကျင်ဒွေးမြို့ကို ဦးတည်လာနေတာ။ အသေခံ၊ ကာမီကာဇေ ဒရုန်းတွေပါ အသုံးပြုနေ တာလေ။ ညအချိန်ကို အဓိကထား လှုပ်ရှားတယ်။ ပြည်သူ့စစ်တွေကို ရှေ့မှာထားတယ်၊ လူသားလှိုင်းအဖြစ် သုံးတယ်လို့ ပြောလို့ရတယ်” ဟု ပြောသည်။
ထိုသို့ အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည့် စစ်အုပ်စု စစ်ကြောင်းကို AA၊ ချင်းကာကွယ်ရေးတပ်တော် (CDF) နှင့် ယောကာကွယ်ရေးတပ်တော် (YDF) ပူးပေါင်းတပ်ဖွဲ့တို့က အပြင်းအထန် ခုခံတိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲ များအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် အများအပြားကို အရှင်ဖမ်းဆီးရမိသည့်အပြင် လက်နက်ခဲယမ်း အမြောက် အများကိုပါ သိမ်းဆည်းရရှိထားသည်။
ဓါတ်ပုံ – (ပုံဟောင်း / Crd)