ထိုင်းဝန်ကြီးချုပ်ဟောင်း တာ့က်ဆင် ထောင်မှ လွတ်မြောက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်။ 

ထိုင်းဝန်ကြီးချုပ်ဟောင်း တာ့က်ဆင် ရှင်နာဝပ်သည် ဘန်ကောက်မြို့ရှိ ကလောင်ပရမ် ဗဟိုအကျဉ်းထောင်မှ ယနေ့မနက် ၇ နာရီ ၄၄ မိနစ်တွင် ခံဝန်ချက်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။ 

အသက် ၇၆ နှစ်အရွယ်ရှိ ဝန်ကြီးချုပ်ဟောင်း တာ့က်ဆင်သည် အင်္ကျီအဖြူ၊ ဘောင်းဘီအပြာ ဝတ်ဆင်၍ အကျဉ်းထောင်ဂိတ်ဝတွင် စောင့်ကြိုနေသော မိသားစုဝင်များနှင့် ရှပ်နီဝတ်ထောက်ခံသူများကို နှုတ်ဆက်ခဲ့ပြီး၊ မာစီးဒီးကားဖြင့် ထောင်အတွင်းမှ ထွက်ခွာသွားခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြသည်။ 

တာ့က်ဆင်သည် ခံဝန်ဖြင့် လွတ်မြောက်လာသော်လည်း လိုက်နာရမည့် စည်းကမ်းချက်များရှိနေပြီး၊ လာမည့် စက်တင်ဘာလ ၉ ရက်နေ့အထိ EM (Electronic Monitoring) ဟုခေါ်သော အီလက်ထရောနစ်စောင့်ကြည့်ခြေချင်းဝတ်ကို ဝတ်ဆင်ထားရမည် ဖြစ်သလို၊ ၃ ရက်အတွင်း ခံဝန်စောင့်ကြည့်ရေးရုံးသို့ သွားရောက်သတင်းပို့ရမည်ဖြစ်သည်။ 

တာ့က်ဆင်သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှစ၍ အာဏာအလွဲသုံးစားမှုနှင့် အကျိုးစီးပွားပဋိပက္ခမှုများဖြင့် ထောင်ဒဏ်တစ်နှစ် ကျခံရန် တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

ယခင်က ရဲဆေးရုံတွင် တက်ရောက်ခဲ့သော ကာလများကို ထောင်ဒဏ်အဖြစ် တရားရုံးက အသိအမှတ်မပြုခဲ့ခြင်းကြောင့် ဆေးရုံတက်သည့် ကာလ ၁ နှစ်စာအတွက် ထောင်ဒဏ် ၃ ပုံ ၂ ပုံ ကျခံပြီးမှသာ ခံဝန်ဖြင့် လွတ်မြောက်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

Photo:Bangkok Post