ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ခံဝန်ဖြင့် လွတ်မြောက်ခွင့်ရမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်။
ယခုအခါ Klong Prem ဗဟိုအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်သည် ၂၀၂၆ ခုနှစ်၊ မေလ ၉ ရက်နေ့တွင် ခံဝန်ဖြင့် လွတ်မြောက်ခွင့် ရရှိတော့မည်ဖြစ်သည်။
အကျင့်ပျက်ခြစားမှုဖြင့် ချမှတ်ခံထားရသော ထောင်ဒဏ် (၁) နှစ်အနက် (၈) လ ကျခံပြီးနောက် ခံဝန်ဖြင့် လွတ်မြောက်ခွင့် ရမည်ဟု ထိုင်း ပြုပြင်ရေး ဌာန (အကျဉ်းဦးစီးဌာန) က ပြောကြားလိုက်သည်။
လက်ကျန် ရက် အနည်းငယ်သာ ကျန်ရှိခြင်းကြောင့် အီလက်ထရွန်နစ် ခြေချင်းဝတ် (EM bracelet) တပ်ဆင်ရန်လည်း မလိုအပ်ဟု ဆိုသည်။
မေလ ၉ ရက်နေ့သည် စနေနေ့ဖြစ်သော်လည်း အကျဉ်းသားအခွင့်အရေးအရ နံနက် ၇ နာရီမှ ၈ နာရီအတွင်း လွှတ်ပေးရမည်ဖြစ်သည်။
ပြစ်ဒဏ်၏ သုံးပုံနှစ်ပုံ (၈ လ) ကို ကျခံပြီးဖြစ်သောကြောင့် ခံဝန်လျှောက်ထားနိုင်သည့် စည်းကမ်းနှင့် ကိုက်ညီနေခြင်းဖြစ်သည်။
ကျန်ရှိနေသည့် ပြစ်ဒဏ်ကာလ တိုတောင်းသောကြောင့် ခြေချင်းဝတ် တပ်ဆင်ရန် မလိုသော်လည်း ခံဝန်ကြီးကြပ်ရေးဌာနသို့ သတ်မှတ်ထားသည့် ရက်ချိန်းများအတိုင်း သွားရောက် သတင်းပို့ရမည်ဖြစ်သည်။
အကျဉ်းထောင် တာဝန်ရှိသူများ၏ ပြောကြားချက်အရ သက်ဆင်သည် ပြစ်ဒဏ်ကာလ အပြည့်အဝ စေ့သွားသည့်အခါတွင် အကျဉ်းထောင်မှ လွတ်မြောက်ကြောင်း သက်သေခံလက်မှတ်ကို ရရှိမည်ဖြစ်သည်။
သက်ဆင်၏ ထောက်ခံသူများဖြင့် ဖွဲ့စည်းထားသော Pheu Thai ပါတီသည် နောက်ဆုံးကျင်းပသော ရွေးကောက်ပွဲတွင် တတိယ နေရာက အနိုင်ရရှိခဲ့ပြီး နေရာ အများဆုံးရရှိသော ဖွမ်ဂျိုင်ထိုင်းပါတီနှင့် ညွန့်ပေါင်း အစိုးရ ဖွဲ့ရန် သဘောတူညီချက် ရရှိထားပြီး ဖြစ်သည်။