ရန်ကုန်တွင် အမေရိကန် သံတမန် တစ်ဦး သေဆုံးနေသည်ကို တွေ့ရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ် ဇွန်လ ၁၀ ရက်။
ရန်ကုန်မြို့ ကာလရှည် ငှားရမ်းနေထိုင်နိုင်သည့် ဟော်တယ် တစ်ခုတွင် အမေရိကန် သံတမန်တစ်ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
ရန်ကုန်မြို့ရှိ သံတမန်အသိုက်အဝန်း၏ ပြောပြချက်အရ ယင်းစုံစမ်းစစ်ဆေးမှုနှင့် ဆက်စပ်၍ ထိုင်းအမျိုးသမီးတစ်ဦးကို မြန်မာ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသည်။
ထိုင်းနိုင်ငံရှိ အမေရိကန်အရာရှိများနှင့် မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးတို့က ယခုဖြစ်စဉ်နှင့်ပတ်သက်သည့် မေးခွန်းများကို နိုင်ငံခြားရေးဝန်ကြီးဌာနထံသို့သာ လွှဲပြောင်းပေးခဲ့ကြသည်ဟု Euronews သတင်းတွင် ဖော်ပြထားသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ရန်ကုန်မြို့ရှိ သံရုံးတွင် တာဝန်ထမ်းဆောင်နေသော အမေရိကန်အစိုးရ ဝန်ထမ်းတစ်ဦး သေဆုံးမှု ရှိခဲ့ကြောင်း အတည်ပြုခဲ့သော်လည်း အခြားအသေးစိတ်အချက်အလက်များကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အေပီ (Associated Press) သတင်းဌာန၏ မေးမြန်းမှုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အီးမေးလ်ဖြင့် ပြန်လည်ဖြေကြားရာတွင် “သေဆုံးသူ၏ မိသားစုနှင့် ချစ်ခင်ရသူများ၏ ကိုယ်ရေးကိုယ်တာလုံခြုံမှုကို လေးစားသောအားဖြင့် ယခုအချိန်တွင် နောက်ထပ် သတင်းအချက်အလက် ထုတ်ပြန်ပေးနိုင်ခြင်း မရှိသေးပါ” ဟု ဖော်ပြထားသည်။
ယခုဖြစ်စဉ်ကို တရားဝင်ထုတ်ဖော်ပြောဆိုခွင့် မရှိသည့်အတွက် အမည်မဖော်လိုသည့် မြန်မာနိုင်ငံရှိ သံတမန်အသိုက်အဝန်းမှ ပုဂ္ဂိုလ်သုံးဦး၏ အဆိုအရ အဆိုပါအမျိုးသားကို လွန်ခဲ့သည့် နှစ်ပတ်ခန့်က ဆာကူရာ ရယ်စီဒင့်နှင့် ဟိုတယ် (Sakura Residence & Hotel) တွင် သေဆုံးလျက်သား တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ရေရှည်ငှားရမ်း နေထိုင်နိုင်သည့် အဆိုပါအဆောက်အအုံသည် သံတမန်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အခြားနိုင်ငံတကာမှ လာရောက်လည်ပတ်သူများအကြား ရေပန်းစားသော နေရာတစ်ခုဖြစ်ပြီး အမေရိကန်သံရုံးနှင့် ၁.၅ ကီလိုမီတာခန့် အကွာတွင် တည်ရှိသည်။
၎င်းတို့၏ ပြောပြချက်အရ ရဲတပ်ဖွဲ့သည် ယခုဖြစ်စဉ်ကို လူသတ်မှု (Homicide) ဖြစ်နိုင်ခြေအဖြစ် သတ်မှတ်ကာ ကိုင်တွယ်စစ်ဆေးနေပြီး ထိုင်းအမျိုးသမီးတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားခြင်း ဖြစ်သည်။
ဆာကူရာဟိုတယ် တည်ရှိရာ နယ်မြေကို တာဝန်ယူထားသည့် ရဲစခန်းမှ တာဝန်ကျအရာရှိကလည်း ဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုကို မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
ထို့အတူ ဆာကူရာဟိုတယ်၏ မန်နေဂျာကလည်း ယခုဖြစ်စဉ်နှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
ရန်ကုန်မြို့ရှိ ထိုင်းသံရုံးနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနတို့ကလည်း အဆိုပါ သံသယရှိသူ အမျိုးသမီးအား သံတမန်ရေးရာ ကူညီစောင့်ရှောက်မှု (Consular Support) ပေးအပ်ခြင်း ရှိ၊ မရှိ နှင့် အခြား မည်သည့်သတင်းအချက်အလက်ကိုမျှ ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ခဲ့ကြသည်။