ကားခများ ဈေးတက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်။ 

ကျပ်ငွေစျေးနှုန်း ကျဆင်းမှုကြောင့် တာချီလိတ် – ကျိုင်းတုံ – တောင်ကြီး – ရန်ကုန် ကားခ ဈေးတက်လာသည် ဟု ယာဉ်မောင်းများနှင့် ခရီးသွားပြည်သူများက ပြောသည်။

မြန်မာနိုင်ငံတွင် ကျပ်ငွေတန်ဖိုး တဟုန်ထိုးကျဆင်းနေသည့် အတွက် အမေရိကန်ဒေါ်လာ အပါအဝင် ကုန်သွယ် ရေး၌ အဓိကအသုံးပြုနေသည့် တရုတ်ယွမ်နှင့် ထိုင်းဘတ်ငွေ ဈေးနှုန်းများ နေ့စဉ် စံချိန်တင် မြင့်တက်နေသည်။

ဩဂုတ်လအတွင်း ကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းလျက်ရှိရာ နယ်စပ်ဒေသများသို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းများ အနေဖြင့် အရှုံးပေါ်လာသည့်အတွက် ကားခဈေးနှုန်းများ တိုးမြင့်ကောက်ခံနေရခြင်း ဖြစ်သည်။

ယာဉ်မောင်း တစ်ဦးက ကျိုင်းတုံ၊ တာချီလိတ် ကားသမားတွေက ဘတ်နဲ့ကျပ် ကစားနေရတယ်။ ငွေ ၂ မျိုးလုံး ကိုင်ရတယ်။ ကျပ်က ဈေးကျလာတော့ ဘတ်ကိုပြန်လဲရင် ရှံးတယ်။ အခုလည်း တိုးကောက်ပေမယ့် မကိုက် သေးပါဘူး။ လမ်းမှာ ဘော်ဒါကြေး ဘာညာရှိတယ် ဟု ပြောသည်။

လတ်တလော ကားခအနေဖြင့် တောင်ကြီး – တာချီလိတ် တစ်ဦးနှုန်း ကျပ် ၇၀,၀၀၀ မှ ကျပ် ၁၂၀,၀၀၀၊ ရန်ကုန် – တာချီလိတ် ကျပ် ၁၂၀,၀၀၀ မှ ကျပ် ၁၆၅,၀၀၀ ကျပ် (VIP ကျပ် ၁၈၅,၀၀၀) စသည့် နှုန်းထားများဖြင့် ပြောင်းလဲ ကောက်ခံလိုက်ခြင်း ဖြစ်သည်။

ထို့အပြင် အချို့ယာဉ်လိုင်းများတွင် ကားခကောက်ခံသည့် ရက်၌ ဘတ်ဈေးဖြင့် တွက်ယူခြင်း၊ ညအိပ်ခွင့် မပေး ခြင်း၊ လမ်းခရီး အခြေအနေအရ တစ်ပတ်အထိ ကြာမြင့်ခြင်း စသည့် အခက်အခဲများကြောင့် ခရီးသည်များက လေကြောင်းလိုင်းကိုသာ ပြောင်းလဲ အသုံးပြုနေကြသည်ဟု ဆိုကြသည်။

ခရီးသည်တစ်ဦးက ဟဲဟိုး – တာချီလိတ်က ၂ သိန်းပဲ ရှိတော့တာ။ ကားက လမ်းမှာ စားသောက်တာတွေနဲ့ ထပ်ကုန်ရင် မထူးဘူးလေ။ ကားသမားတွေလည်း မကိုက်တော့ပါဘူး။ ကုန်နဲ့ပဲမျော်ပြီး ထွက်နေကြတာ။ ကားလမ်းတော့ တော်တော် အန္တရာယ်များတယ် ဟု ပြောသည်။

တာချီလိတ် – ကျိုင်းတုံ – တောင်ကြီး လမ်းအား မိုးရာသီအတွင်း သွားလာပါက လမ်းချော်ခြင်း၊ မြေပြိုကျခြင်း၊ ကားလမ်း ရေကျော် ရေဝပ်ခြင်း စသည့် အခက်အခဲများအပြင် လက်ရှိ တိုက်ပွဲများကြောင့် တစ်ပတ်မှ ၁၀ ရက် အထိ ကြာမြင့်နိုင်သည်ဟု ယာဉ်မောင်းများက ပြောသည်။

ထို့အပြင် စစ်ဆေးရေး ဂိတ်များကိုလည်း ၉ ခုအထိ ကျော်ဖြတ်ရပြီး စစ်ကောင်စီ၏ တာကော်စစ်ဆေးရေးဂိတ် သည် အဆိုးဆုံးနှင့် အကြမ်းဆုံးဖြစ်ရာ ထိုဂိတ်တွင် ခရီးသည်များအား ၄၅ မိနစ်ခန့် အထိ လမ်းလျှောက်ခိုင်းလေ့ ရှိသည်ဟု ဆိုကြသည်။