မိုးကုတ်တွင် ကုန်ပစ္စည်းရှားပါးမှု ဖြစ်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်။
တအာင်းအဖွဲ့က သိမ်းပိုက်ထားသည့် မိုးကုတ်မြို့အဝင် လမ်းများ ပိတ်နေသောကြောင့် ဩဂုတ်လ တတိယပတ်အတွင်း မြို့အတွင်း ကုန်စည်များ နည်းပါးလာနေပြီး ရောင်းသူထက် ဝယ်သူပိုများနေသည်ဟု မြို့တွင်း ကျန်ရှိသူများက ပြောသည်။
စစ်ကောင်စီဖက်မှ မန္တလေး – မိုးကုတ်လမ်း ပိတ်ထားသည်မှာ နှစ်လနီးပါး ကြာပြီဖြစ်သည့် အပြင် နောင်ချိုဘက် မှ သွားလာနေသူများကိုလည်း နှစ်ဖက်တပ်များက ပြင်ဦးလွင်မြို့အနီး၊ ဝက်ဝံဂိတ်တွင် ပိတ်ဆို့ထားသဖြင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးလာခြင်း ဖြစ်သည်။
မိုးကုတ်မြို့ အရှေ့ပိုင်းတွင် နေထိုင်သူတစ်ဦးက “ဈေးသည်တော့ များတယ်လေ။ လိုတာတော့ ဘာမှရမှာ မဟုတ်ဘူးလေ။ ဘာမှ မဝင်တော့တာ။ ရှိတာလေးပဲ ရောင်းနေကြတာ။ ဝင်လို့ရတဲ့လမ်းက ဝင်နေတာတော့ ရှိတယ်။ အဲ့ဒါတွေလည်း ပတ်ပတ်လည်မှာ စစ်ဖြစ်နေတော့ ထင်သလောက် မရဘူးပေါ့” ဟု ပြောသည်။
မိုးကုတ်မြို့ အရှေ့ပိုင်းတွင် ရောင်းချနေသည့် ကုန်ပစ္စည်းများမှာ မဘိမ်း၊ မိုးမိတ်၊ မိုင်းလုံနှင့် ကျောက်မဲမြို့တို့မှ ဝင်ရောက်နေပြီး ဆေးနှင့် ဆက်စပ်ပစ္စည်းများမှာ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လျက်ရှိသည်။
လတ်တလော ရောင်းချနေသည့် ဈေးနှုန်းများမှာ စားအုန်းဆီ တစ်ပိဿာ ကျပ် ၃၀,၀၀၀၊ မိုးမိတ်ဆန်တစ်အိတ် ကျပ် ၂၀၀,၀၀၀၊ ကြက်ဥတစ်လုံး ကျပ် ၂,၀၀၀၊ စက်သုံးဆီ ၉၂ တစ်လီတာ ကျပ် ၁၂,၀၀၀ အထိ ပေါက်ဈေး ရှိနေပြီး လိုအပ်သလောက်လည်း ဝယ်ယူ၍ မရဘူးဟု ဆိုကြသည်။
ဈေးသည် တစ်ဦးက “အရင်တုန်းကဆို လမ်းတွေ ပိတ်ထားကြတာ ငတ်သေကြတော့မယ့် အတိုင်းပဲ။ အခု တခြားလမ်းကနေ ကုန်တွေဝင်တော့မှ အသက်လေး နည်းနည်းရှူလို့ ရတယ်။ ဒါတောင်မှ ဆန်က လိုသလောက် မရဘူး။ မိုးမိတ်လမ်းက ဖွင့်လိုက်ပိတ်လိုက်ပဲ” ဟု ပြောသည်။
စစ်ကောင်စီဖက်က မန္တလေး – မိုးကုတ်လမ်းတွင် ပိတ်ထားသည်မှာ ၂ လနီးပါး ကြာပြီဖြစ်ရာ ယခင် ရက်သတ္တ တစ်ပတ်အတွင်း သွားလာကြသူများမှာ နောင်ချိုလမ်းအား အသုံးပြုခဲ့ကြသည်။
သို့သော် ထိုလမ်းအား စစ်ကောင်စီဖက်က ရိပ်မိသွားသည့် အချိန်တွင် နောင်ချိုမြို့နယ်၊ အင်ဝိုင်း သကြားစက် အနီးရှိ တံတားအား ဖောက်ခွဲဖျက်ဆီးလိုက်သဖြင့် ဟိုခို၊ ကသာလမ်းတို့မှ အဆင့်ဆင့် ပတ်သွားနေရသည်ဟု ဒေသခံများက ပြောသည်။
မိုးကုတ်မြို့ကို ဇူလိုင်လ ၂၄ ရက်နေ့တွင် TNLA ဦးဆောင်သည့် မဟာမိတ် တပ်ပေါင်းစုများမှ ပူးပေါင်းသိမ်းယူ ခဲ့ပြီး လက်ရှိတွင်လည်း မိုးကုတ်ဗျူဟာ TNLA နှင့် မြို့မိမြို့ဖများ စုပေါင်း၍ အုပ်ချုပ်ရေး ယန္တရား များကို စတင်လည်ပတ်နေပြီ ဖြစ်သည်။