ရိုက်နှက်ခံရထားရသည့် ဒိုက်ဦးထောင်မှ နိုင်ကျဉ်းသူများ အသက်အန္တရာယ်စိုးရိမ်နေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်။

ဒိုက်ဦးအကျဉ်းထောင်တွင် အမျိုးသမီး နိုင်ကျဉ်းများ အင်အားသုံး ရိုက်နှက်ခံရခြင်းကြောင့် လုံခြုံရေးနှင့် အသက်အန္တရာယ်အတွက် စိုးရိမ်ရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် PPNM တာဝန်ရှိသူက ပြောသည်။

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်၌ အကျဉ်းဦးစီး တာဝန်ရှိသူများက ဥပဒေမဲ့ အကြမ်းဖက် ရိုက်နှက်မှုကို ကျူးလွန်ခဲ့သောကြောင့် နိုင်ငံရေး အကျဉ်းသူအချို့ အသက်အန္တရာယ် စိုးရိမ်နေရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ယက် PPNM က ထုတ်ပြန်ထားသည်။

နိုင်ငံရေးအကျဉ်းသူများကို အကျဉ်းဦးစီးဝန်ထမ်းများက အင်အားသုံး ရိုက်နှက်မှုမှာ ဩဂုတ်လ ၁၉ ရက်နေ့တွင ဖြစ်ပွားခဲ့သည်ဟု PPNM ပြောရေးဆိုခွင့်သူ ကိုသိုက်ထွန်းဦး က ပြောသည်။

ဝန်ထမ်းအရာရှိ စန်းနွယ်ဦးဆိုတဲ့ နှစ်ပွင့် အရာရှိက လာခေါ်တယ် လာခေါ်တဲ့အခါ ခိုင်လုံတဲ့ အကြောင်းပြချက် မဟုတ်တဲ့အတွက် နိုင်ငံရေးအကျဉ်းသူက မလိုက်နိုင်ကြောင်း ရှင်းပြတဲ့အပေါ်မှာ ကောင်းမွန်စွာ မလိုက်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အမျိုးသားဝန်ထမ်း ၅၀ လောက်နဲ့ အမျိုးသမီး ဝန်ထမ်း ၇ ဦး လောက်ဝန်းကျင်ကနေ ဒီနိုင်ငံရေး အကျဉ်းသူ အဲ့အမျိုးသမီးရဲ့ ဆံပင်ကို ဆောင့်ဆွဲပြီးမှ ရင်ဘတ်တွေကို ကန်ကြောက်တာတွေ ဗိုက်ကို ကန်ခံရတာမျိုးတွေဖြစ်တယ်။” 

ကျိုက်မရော အကျဉ်းထောင်မှ ထောင်ပြောင်း နိုင်ငံရေး အကျဉ်းသူ တစ်ဦးအား မိသားစုက ပေးလိုက်သည့် ပစ္စည်းများထဲ တရားမဝင် ပစ္စည်းများ ပါလာသည်ဆိုသော စွပ်စွဲချက်နှင့် အကျဉ်းဦးစီးဝန်ထမ်း အမျိုးသား အယောက် ၅၀ နှင့် အမျိုးသမီး ၇ ဦးက ရိုက်ခဲ့ကြခြင်း ဖြစ်သည်ဟု PPNM က ဆိုသည်။

ယခုကဲ့သို့ ဥပဒေမဲ့ ရိုက်နှက်မှုကို လက်မခံသော အခြား နိုင်ငံရေး အကျဉ်းသူများကိုပါ အဆိုပါ အကျဉ်းဦးစီးဌာန က ဝန်ထမ်းများက ရိုက်နှက်ခဲ့ရာ နိုင်ငံရေးအကျဉ်းသူ ၇ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ 

အဆိုပါ ရိုက်နှက်မှုထဲ ထောင်ဝန်ထမ်း အမျိုးသား၊ အမျိုးသမီးပေါင်း ၅၇ ဦး ပါဝင်ကြောင်း သတင်းအချက်အလက်များ ရရှိထားသည်ဟု PPNM က ဆိုသည်။

အကြမ်းဖက် ရိုက်နှက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာများ ရထားသည့် နိုင်ကျဉ်းအမျိုးသမီးများကို ယနေ့အချိန်ထိ ဆေးကုသခွင့် မပေးသေးဘူးဟု ကိုသိုက်ထွန်းဦးက ဆက်ပြောသည်။

ကျနော်တို့ မနေ့ကထိ ရရှိထားတဲ့ အခြေအနေတွေကတော့ နိုင်ငံရေး အကျဉ်းသူတွေက လက်ရှိ အခန်းထဲက နေ အခန်းပြင် မထွက်ဘဲနဲ့ နေ နေကြတယ်ဆိုတာ သိရှိထားရတယ်။ အဲ့အတွက် ဆေးဝါးစောင့်ရှောက်မှုလည်း မရရှိသေးဘူးပေါ့နော်။” 

ထို့အပြင် ဒိုက်ဦးအကျဉ်းထောင်၌ ဩဂုတ်လ ၁၅ ရက်နေ့ကလည်း နိုင်ငံရေး အကျဉ်းသားများကို ထောင် အာဏာပိုင်များက ရိုက်နှက်ဆဲဆိုပြီး ပုံစံကြေးဟု ခေါ်သော တရားမဝင် ငွေကြေး ကောက်ခံမှုများ လုပ်ခဲ့သည် ဟုလည်း PPNM က ထုတ်ပြန်ထားသည်။