NCA အပစ်ရပ်စာချုပ် လမ်းဆုံးပြီဟု ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စောင့်ကြည့်ရေးအဖွဲ့ သုံးသပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်။
စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်ကြာလာချိန် ၂၀၂၄ ခုနှစ်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူ စာချုပ် (NCA) အတွက် လမ်းဆုံးတဲ့နှစ် ဖြစ်သွားပြီဟု ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စောင့်ကြည့်ရေး အဖွဲ့ BNI- Myanmar Peace Monitor သုံးသပ်ထားသည်။
တိုင်းရင်းမီဒီယာ ၁၅ ဖွဲ့နှင့် စုဖွဲ့ထားသော နိုင်ငံတကာ မြန်မာ့သတင်း (BNI) ၏ လုပ်ငန်းစဉ်များထဲက တစ်ခု ဖြစ်သည့် ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ BNI-MPM က ဩဂုတ်လ ၁၆ ရက်နေ့တွင် ထုတ်ဝေလိုက် သည့် “မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – ရည်ညွှန်း အကိုးအကား ( ၂၀၂၃-၂၀၂၄)” စာအုပ် မိတ်ဆက်ပွဲ၌ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
NCA စာချုပ်နှင့် ပတ်သက်ပြီး စစ်အာဏာသိမ်းကာလ ၃ နှစ်တာ ကာလအတွင်း တွေ့ရသော အခြေအနေနှင့် ပတ်သက်ပြီး BNI-MPM Team ၏ တာဝန်ခံ ကိုနှင်းကိုဦး က ယခုကဲ့သို့ ပြောသည်။
“စစ်ကောင်စီဟာ NCA အရ တွေ့ဆုံဆွေးနွေးမှု ပုံစံမျိုးသူလုပ်ဖို့ ကြိုးစားတယ်ပေါ့။ UPDJC ရဲ့ အခန်းကဏ္ဍကို သူတို့တွေက သတင်း မီဒီယာတွေမှာ စပြီးတော့ သူတို့ ဒီပုံရိပ် ထုတ်တယ်ပေါ့။ ဒါပေမယ့် အားမကောင်းဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီ NCA က ပါဝင်ရမယ့် အစုအဖွဲ့တွေဟာ မပါနေဘူးပေါ့နော်။ ဒီအတွက် ကျနော်တို့က NCA က တွေ့ဆုံဆွေးနွေးမှုက ဒီလမ်းဆုံးနေတယ်လို့ ပြောလို့ရတယ်။”
ယခုနောက်ပိုင်းတွင် ပြည်တွင်းပြည်ပက အင်အားစုများ၏ တရားဝင် အသိအမှတ်ပြုမှုကို ရရှိရေး ရည်ရွယ်ပြီး NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့များကို စစ်ကောင်စီ၏ တွေ့ဆုံမှုများက လုံးဝရပ်တန့်သွားခဲ့ပြီဟု ရည်ညွန်းအကိုးအကား စာအုပ်ထဲတွင် ရေးသားထားသည်။
BNI ၏ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်တင်တင်ညိုက “ဒီနွေဦးတော်လှန်ရေး ကာလ ၃ နှစ်ပြီးသွားတဲ့ ကာလမှာ ငြိမ်းချမ်းရေးက NCA လမ်းကြောင်း အတိုင်းသွားဖို့ဆို ဒါလမ်းပျောက်သွားတယ်လို့ သုံးသပ်လို့ ရတယ်ပေါ့ နော။ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကတော့ မဟာမိတ်အဖွဲ့တွေအနေနဲ့ ဖွဲ့စည်းလာတယ်။ ငြိမ်းချမ်းရေး ဖော် ဆောင်ဖို့ ဒီ NCA ကို ဆက်လက်ပြီးတော့ ဆုပ်ကိုင်ထားပြီးတော့မှ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးအဖွဲ့နဲ့ ဆက် တွေ့ ပြီး ပြောတာတွေရှိတယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့တော့ ကျဲလာတယ်။ ဒီတစ်ဖွဲ့ချင်းနဲ့ တွေ့တာတွေ ရှိနိုင်တယ်။ ဒီ Sing ထိုးထားတဲ့ အဖွဲ့ထဲမှာမှ တစ်ချို့ကလည်း နွေဦးတော်လှန်ရေး အစုအဖွဲ့တွေနဲ့ ပူးပေါင်း လိုက်တာမျိုးပေါ့နော်” ဟု ပြောသည်။
ထို့နောက် သုံးနှစ်ကျော် ကြာလာချိန်၌ NCA အစုအဖွဲ့များ၏ တွေ့ဆုံဆွေးနွေးမှုများမှာ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှုပဲ ဖြစ်ကြောင်း ERO ၁၀ ဖွဲ့နှင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ ပြောရေးဆိုခွင့်ရှိသူများက သတင်းမီဒီယာများတွင် ရှင်းလင်းပြောဆိုထားသည်။
လက်ရှိတွင်မူ NCA မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရှေ့ဆက်သွားနိုင်ရေး အထောက်အကူ ပြုနိုင်မည့် အခြေအနေကို မတွေ့ရတော့ဘူးလို့ BNI-MPM အဖွဲ့က သုံးသပ်ထားသည်။
ကိုနှင်းကိုဦးက “ဘာကြောင့်လဲ ဆိုလို့ရှိရင် သူ့ထဲမှာ ပါဝင်နေတဲ့ actor တွေ မစုံနေဘူး။ အစိုးရဆိုတဲ့ အခန်း ကဏ္ဍဟာ ပျောက်နေ တယ်ပေါ့နော်။ ဥပမာ ဒီလိုမျိုး ပျောက်နေတယ် ပြောလို့ ဘယ်သူ့ဘယ်သူမှ အစိုးရလို့ မသတ်မှတ် ဘူးလားဆို တော့ အဓိက NCA ရဲ့ လမ်းကြောင်းမှာ ရှိတဲ့ အစုအဖွဲ့တွေက ပျက်ယွင်းနေတာ ဖြစ်တဲ့ အတွက်ကြောင့် ရှေ့ဆက်သွားဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးပေါ့နော်။ ဒါကို ကျနော်တို့ သုံးသပ်မိတာ ဖြစ်ပါတယ်” ဟု ပြောသည်။
NCA အရ စုဖွဲ့ထားသော ERO ၁၀ ဖွဲ့ပါဝင်သည့် PPST ကလည်း ဖွဲ့စည်းပုံပျက်သွားသည့်အပြင် 7 EAO Alliance ဟု ပြောင်းလဲသွားခဲ့သည်။
ထို့အပြင် စစ်ကောင်စီ၏ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC ၌လည်း အပြင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီး NCA ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အသက်သွင်းရန် အခက် ကြုံနေကြရသည်။
ထို့ကြောင့် ၂၀၂၃-၂၀၂၄ ခုနှစ်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် အပြောင်းအလဲ၊ အရွေ့အပြောင်းများကို လေ့လာ ရမည်ဆိုပါက NCA ငြိမ်းချမ်းရေး လမ်းဆုံးနှစ်အဖြစ် ကောက်ချက်ချရခြင်း ဖြစ်သည်ဟု BNI-MPM team က ဆိုသည်။