ပအိုဝ်း ပြည်သူ့စစ်အဖွဲ့က ဒေသခံများအား စစ်ယူနီဖောင်း ဝတ်ခိုင်းပြီး စစ်သင်တန်းဆင်းပွဲ ပြုလုပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်။

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) က ဒေသခံများအား စစ်ယူနီဖောင်း ဝတ်ခိုင်းပြီး ပြည်သူ့စစ် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့သည်ဟု စစ်ကောင်စီနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များက ပြောသည်။

ပင်လောင်းမြို့နယ်၊ နောင်တရားမြို့တွင် ဩဂုတ်ရက် ၂၁ ရက်နေ့၊ နံနက်ပိုင်း၌ PNA က ပအိုင်းဒေသတွင်း ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စ ဆောင်ရွက်နိုင်ရန်အတွက် အမှတ်စဉ် ၁ ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းပွဲ ပြုလုပ်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

ပအိုဝ်းဒေသတွင်း ရှေ့တန်းစစ်မြေပြင် သတင်းအရင်းအမြစ်တစ်ဦးက သူတို့ အင်အား အဲ့လောက် မရှိပါဘူး။ ကျနော်တို့ သိတာပေါ့။ အခုတောင် ခဏခဏ သေနေလို့ စစ်မှုထမ်း မလိုက်ရဲကြတာ ကြာပြီ။ လူတစ်ယောက်ရ ဖို့ ပေါ်တာဆွဲနေရတဲ့ အဖွဲ့က ဒီလောက်အင်အား ရှိတယ်ဆိုတာ မဖြစ်နိုင်ပါဘူး ဟု ပြောသည်။

စစ်သင်တန်းဆင်းပွဲအား ကျေးရွာ အနေအထားပေါ် မူတည်၍ တစ်ရွာလျှင် ၁၀ ဦးမှ ၂၀ ဦးကျော် အထိ တက် ရောက်ကြရန် အမိန့်ပေးထားပြီး PNA စစ်ဦးစီးချုပ်၊ စန္ဒာခမ်း (ပင်လောင်း) ဒေသ စစ်ဦးစီးမှူးများ၊ ပအိုဝ်းအမျိုး သား အဖွဲ့ချုပ်ပါတီဝင်များက တက်ရောက်ခဲ့ကြသည်။

အဆိုပါ စစ်သင်တန်းမှာ ၅ ရက်ခန့်သာ သင်ကြားပေးပြီး လက်ရှိ သင်တန်းဆင်းပွဲ တက်ရောက်သူများကိုလည်း PNA က သေနတ်ကိုင်ခွင့် မပေးဘူးဟု ဆိုကြသည်။

နောင်တရား ဒေသခံ အမျိုးသား တစ်ဦးက အကုန်လုံးက အတင်းခေါ်ထားတာတော့ မဟုတ်ဘူး။ အများစုက ခေါ်ထားတာ။ တချို့ကတော့ နိုင်ငံရေး တစ်လုံးမှ နားမလည်၊ ဘာမှန်းမသိဘဲ ပအိုဝ်းစစ်သား ဖြစ်ရတာ ဂုဏ်ယူ လို့ ဝင်ကြတာတဲ့ ဟု ပြောသည်။

ပအိုဝ်းဒေသများ ဖြစ်သည့် ပင်လောင်းနှင့် ဆီဆိုင်မြို့နယ်များတွင် PNA အဖွဲ့က မကြာခဏ စစ်မှုထမ်းခေါ်ခြင်း များ ပြုလုပ်နေပြီး စစ်သင်တန်း သေချာ မပေးသည့်အတွက် မကြာခဏ ထိခိုက်သေဆုံးမှုများ ကြုံနေရသည်။

ထို့အပြင် PNA တပ်များသည် ပအိုဝ်းဒေသများအတွင်း လူနေအိမ်များ၌ တပ်စွဲခြင်း၊ ပစ္စည်းခိုးယူခြင်း၊ အကြောင်းအမျိုးမျိုးပြ၍ အခွန်ကောက်ခံခြင်း၊ စစ်ကောင်စီ အလိုကျ လူနေအိမ်များကို မီးရှို့ခြင်း စသည့် လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။

ထိုသို့ ကျူးလွန်နေကြသော်လည်း ဒေသခံများမှာ နီးစပ်ရာဓါး ကြောက်နေရသဖြင့် ၎င်းတို့အား ထောက်ခံ သယောင် ဟန်ဆောင်နေရသည်ဟု ဆိုသည်။