မင်းခေါင်းဆေးကျေးရွာ အုပ်ချုပ်ရေးမှူး ဇနီးမောင်နှံ အပါအဝင် ၃ ဦးကို စစ်ကောင်စီက ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်။

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မင်းခေါင်းဆေးကျေးရွာမှ အုပ်ချုပ်ရေးမှူး ဇနီးမောင်နှံ အပါအဝင် ၃ ဦးကို အခြား စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်ဟု ရွာသားများက ပြောသည်။  

ကျွန်းစုမြို့နယ်၊ တောပြားကျေးရွာအုပ်စု၊ မင်းခေါင်းဆေးကျေးရွာတွင် ပျူစောထီး အဖွဲ့ ဖွဲ့ရန် စီစဉ်နေသူ နှစ်ဦး အသတ်ခံရပြီးနောက် လက်ရှိအုပ်ချုပ်ရေးမှူး ဇနီးမောင်နှံ နှင့် အခြားရွာသား ၁ ဦးတို့ကို စစ်တပ်က ဖမ်းဆီးသွား ခြင်း ဖြစ်သည်။

အသက် ၅၀ ကျော်အရွယ် ရွာသားတစ်ဦးက အုပ်ချုပ်ရေးမှူးတို့ ဇနီးမောင်နှံက မနက်စောစောပိုင်းမှာ ရွာကနေ မြို့ကို တက်သွားတယ်၊ ညနေပိုင်းမှာ ရာအိမ်မှူး နှစ်ယောက်အသတ်ခံရတော့ သတင်းရလို့ ကြိုပြေးပြီး ကြံရာ ပါလိုမျိုး ထင်သွားတာ ဖြစ်မယ်လို့ထင်ပါတယ် ဟု ပြောသည်။

မင်းခေါင်းဆေးကျေးရွာ၏ အုပ်ချုပ်ရေးမှူးဖြစ်သည့် အသက် ၅၂ နှစ်အရွယ် ဦးမိုးဇော် နှင့် ဇနီးဖြစ်သူတို့ ၂ ဦးကို သြဂုတ်လ ၂၀ ရက်နေ့က မြိတ်မြို့၊ ကွက်သစ်ရပ်ကွက်မှ နေအိမ်တစ်အိမ်တွင် ရှိနေချိန် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။

ပျူစောထီး အဖွဲ့ ဖွဲ့ရန် စီစဉ်နေသူ နှစ်ဦး ပစ်သတ်ခံလိုက်ရသည့် သြဂုတ်လ ၁၉ ရက်နေ့၊ နံနက်မှာပင် အုပ်ချုပ်ရေးမှူး ဇနီးမောင်နှံက မြိတ်မြို့ပေါ်တွင် ရှိနေသည့် ယောက္ခမ တော်စပ်သူ၏ နေအိမ်သို့ ပြောင်းရွှေ့နေ ထိုင်ခဲ့ပြီး စစ်ကောင်စီတပ်က သံသယဝင်ကာ ဖမ်းဆီးခြင်း ဖြစ်နိုင်သည်ဟု ရွာသားတစ်ဦးက ဆိုသည်။

သြဂုတ်လ ၁၉ ရက်နေ့၊ ညနေပိုင်းက ဦးနောင်မှေးနှင့် ဦးကြယ်စင်အောင်တို့ နှစ်ဦးကို ပျူစောထီးအဖွဲ့ ဖွဲစည်းရန် ပြင်ဆင်နေသည့် ကိစ္စဖြင့် စစ်ဆေးရန် ဖမ်းဆီးချိန် အဖမ်းမခံဘဲ ပြန်လည်ခုခံခဲ့သဖြင့် သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရာမှ ကျည်ထိမှန် သေဆုံးခဲ့ကြောင်း ကျွန်းစုမြို့နယ် – ပကဖအဖွဲ့က သတင်းထုတ် ပြန်ထားသည်။

၎င်းတို့ နှစ်ဦး ပစ်သတ်ခံရပြီးသည့် ညမှာပင် ကျေးရွာ နေအိမ်တွင်ရှိနေသည့် အသက် ၃၈ နှစ်အရွယ် ဒေါ်မီးမဲ ဆိုသူကိုလည်း ပန်းဇင်ကျေးရွာ ပျူစောထီးအဖွဲ့က အသတ်ခံလိုက်ရသည့် ရာအိမ်မှူး နှစ်ဦး၏ အလောင်းများကို လာသယ်ရာမှ အပြန်တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ပစ်သတ်ခံခဲ့ရသည့် ဦးနောင်မှေး နေအိမ်နှင့် ဒေါ်မီးမဲ နေအိမ်မှာ ငါးအိမ်သာ ကွာဝေးကြောင်း ရွာသားများက ပြောသည်။

လက်ရှိတွင် မင်းခေါင်းဆေးကျေးရွာ အုပ်ချုပ်ရေးမှူး ဇနီးမောင်နှံ အပါအဝင် ၎င်းတို့ သုံးဦးလုံးကို မြိတ်မြို့ရှိ စစ်ကြောရေးစခန်းတွင် ဖမ်းဆီးထားဆဲဖြစ်ပြီး ယနေ့အချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘူးဟု နီးစပ်သူများက ပြောသည်။