လောင်းလုံး ပင်လယ်ကမ်း‌ခြေရှိ ရွာအချို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခံနေရ၊ အရပ်သားထိခိုက်မှုရှိနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အတွင်းရှိ ပင်လယ်ကမ်း‌ခြေကျေးရွာများကို စစ်ကောင်စီတပ်မှ သုံးရက် ဆက်တိုက် လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိရာ အရပ်သားပြည်သူများ ထိမှန်ဒဏ်ရာ ရရှိခဲ့သည်ဟု ရွာသားများက ပြောသည်။

တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်က ပင်လယ်ကမ်း‌ခြေ ကျေးရွာများဖြစ်သည့် မောင်းမကန်၊ သဘော့ ဆိပ်နှင့် ပြင်ကြီးကျေးရွာများဆီသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်း ဖြစ်သည်။

အသက် ၃၅နှစ်အရွယ် ပြင်ကြီးရွာသားတစ်ဦးက “ပြင်ကြီးရွာထဲမှာ နေအိမ်တစ်ဆောင်ပေါ်ကို လက်နက်ကြီး ကျည် ကျပြီး အသက်ကြီးပိုင်း အမျိုးသား တစ်ယောက်နဲ့ လူငယ်အမျိုးသား တစ်ယောက်တို့ တင်ပါးနဲ့ ခြေ ထောက်တွေမှာ လက်နက်ကြီးစတွေ ထိမှန်ခဲ့တယ်လို့ သိရတယ်။ မောင်းမကန် မြောက်ပိုင်းက အမျိုးသမီး တစ်ယောက်လည်း ထိခိုက်ဒဏ်ရာ ရခဲ့သေးတယ်လို့ ကြားတယ်” ဟု ပြောသည်။

မောင်းမကန်ကမ်းခြေက KTV များကို သြဂုတ်လ ၁၆ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ဖြစ်စဉ်၊ သြဂုတ်လ ၁၇ ရက်နေ့ တွင် မောင်းမကန်ရဲစခန်း တိုက်ခိုက်ခံရသည့် ဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် လောင်းလုံးမြို့နယ်ထဲက တောမိုးတောင်ပေါ်နှင့် မောင်းမကန်ရဲစခန်းကို စစ်ကောင်စီတပ်ဖွဲ့က ‌‌အင်အားအများအပြားဖြင့် ရောက်ရှိလာခဲ့ သည်။

တောမိုးတောင်ပေါ် နှင့် ခလရ – ၁၀၄ တပ်ရင်းတို့ အထဲဘက်မှ သဘော့ဆိပ်ကျေးရွာနှင့် ပြင်ကြီးကျေးရွာများ ဘက်ကို သြဂုတ်လ ၁၇ ရက်နေ့ မွန်းတည့်ချိန်ပိုင်းမှ စတင်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

သြဂုတ်လ ၂၀ ရက်နေ့တွင်လည်း မောင်းမကန်ကျေးရွာထဲကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး မောင်းမကန်၊ သဘော့ဆိပ်နှင့် ပြင်ကြီးစသည့် ကျေးရွာ ၃ ရွာကို လက်နက်ကြီး အချက်ရေ ၃၀ ကျော်ခန့်အထိ နေ့စဉ် ပစ်ခတ်နေခြင်း ဖြစ်သည်ဟု သဘော့ဆိပ် ရွာသားတစ်ဦးက ဆိုသည်။


သဘော့ဆိပ်နှင့် ပြင်ကြီးကျေးရွာများအတွင်း လက်နက်ကြီးကျည်ဆံများ ကျရောက်နေသည့်အပြင် စစ်ကောင်စီ မှ ကျေးရွာများထဲသို့ စစ်ကြောင်းထိုးမည် ဆိုသော သတင်းများပါ ကြားနေကြရခြင်းကြောင့် ရွာသားများ ရွာလုံးကျွတ်နီးပါး နီးစပ်ရာများသို့ စစ်ဘေးရှောင်နေကြရသည်။

ပင်လယ်ထဲတွင်လည်း စစ်သင်္ဘောများ ရောက်ရှိနေကြောင်း ကြားသိနေရပြီး၊ တောမိုးတောင်ပေါ်ကို စစ်တပ် ရောက်ရှိနေတာကြောင့် ရွာထဲကို အချိန်မရွေးဆင်းလာနိုင်နေကြောင်း ရွာသားများက ဆိုသည်။

သဘော့ဆိပ်နှင့် ပြင်ကြီးကျေးရွာတို့တွင် လက်နက်ကြီးကျည် ထိမှန်ပျက်စီးသွားသည့် နေအိမ် လေးဆောင် ထက် မနည်းရှိခဲ့သည်ဟု  ရွာသားများက ပြောသည်။

သြဂုတ်လ ၁၈ ရက်နေ့၊ ညကလည်း စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး ပုလောမြို့နယ်၊ တန်းရှင်းကျေးရွာမှ အသက်လေးနှစ်ကျော် အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သေးသည်။