ကျွန်းစုတွင် ပျူစောထီးဖွဲ့ရန် စီစဥ်နေသူ နှစ်ဦး အသတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်။

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ထဲတွင် စစ်ကောင်စီ လက်အောက်ခံ ပျူးစောထီးအဖွဲ့ ဖွဲ့ရန် စီစဉ်နေသူ နှစ်ဦးကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က လာရောက် ပစ်သတ်သွားခဲ့သည်။

ကျွန်းစုမြို့နယ်၊ တောပြားကျေးရွာအုပ်စု မင်းခေါင်းဆေးကျေးရွာတွင် ပျူစောထီးအဖွဲ့ ဖွဲ့ရန်  စီစဥ်နေသူနှစ်ဦး ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

ကျွန်းစု – ပကဖ တာဝန်ရှိသူက သူတို့ နှစ်ယောက်ကို ပျူစောထီးဖွဲ့ဖို့ လုပ်နေတာရပ်ဖို့၊ ဆန္ဒမပါတဲ့ ရွာသားတွေ ကို ပျူသင်တန်း တက်ခိုင်းတာ တွေ မလုပ်ဖို့ အကြိမ်ကြိမ် သတိပေးထားပါတယ်။ သူတို့က ဆက်လုပ်နေတာ ကြောင့် စစ်ဆေးဖို့ သွားဖမ်းတာ၊ အဖမ်းမခံဘဲ ပြန်ခုခံလို့ အခုလိုမျိုး ပစ်ခတ်ခဲ့ရတာပါဟု ပြောသည်။ 

၎င်းတို့၏ နေအိမ်များတွင်ရှိနေသည့် အသက် ၆၃ နှစ်အရွယ်၊ ဦးနောင်မှေး နှင့် အသက် ၅၂ နှစ်အရွယ် ဦးကြယ်စင်အောင် ဆိုသူတို့ကို သြဂုတ်လ ၁၉ ရက်နေ့ ညနေ ၆ နာရီခွဲ အချိန်ခန့်က ပြည်သူ့ကာကွယ်ရေး တပ်

ဖွဲ့က ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

မင်းခေါင်းဆေးကျေးရွာ၏ ရာအိမ်မှူးများ ဖြစ်ကြသည့် ဦးနောင်မှေးနှင့် ဦးကြယ်စင်အောင်တို့သည် ပျူစောထီး အဖွဲ့ ဖွဲ့လုပ်နိုင်ရေး လုပ်ဆောင်နေကြသူများ ဖြစ်ကြကြောင်းနှင့် ရွာသားများ အပေါ်တွင်လည်း အကြောင်းမဲ့ စစ်တပ်နှင့် ဖမ်းဆီးခိုင်းမည်ဟု ခြိမ်းခြောက်တတ်ကြောင်း ရွာသား တစ်ဦးက ဆိုသည်။

ဩဂုတ်လအစပိုင်းမှ စတင်ပြီး မင်းခေါင်းဆေးကျေးရွာတွင် ပျူစောထီးအဖွဲ့ ဖွဲ့စည်းနိုင်ရန်အတွက် လူစုဆောင်း နေခြင်း ဖြစ်ပြီး ယခင်ကလည်း ပျူစောထီး သင်တန်းတက်ရန်အတွက် ရွာသားများကို အတင်းအဓမ္မ စေလွှတ် ခြင်းမျိုးလည်း ပြုလုပ်ခဲ့ဖူးသည်ဟု ဆိုကြသည်။

အသတ်ခံရသူ ဦးနောင်မှေးနှင့် ဦးကြယ်စင်အောင် တို့၏ ရုပ်အလောင်းများကို ညတွင်းချင်းပင် ပန်းဇင်ကျေးရွာမှ ပျူစောထီးအဖွဲ့က လာရောက် သယ်ဆောင်သွားသည်ဟု ရွာသားများက ဆိုသည်။

လက်ရှိတွင် မင်းခေါင်းဆေးကျေးရွာသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး ရွာသားများကို စစ်ဆေး မေးမြန်းခြင်းများ လုပ်ဆောင်နေကြသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာအုပ်စုရှိ သဘောင်းကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ဖူးသေးသည်။

ဓါတ်ပုံ – Crd (မင်းခေါင်းဆေး ကျေးရွာပုံ)