ရခိုင်ရိုးမခြေရင်း မင်းတုန်းမြို့နယ်၌ တိုက်ပွဲဖြစ်၊ စစ်အုပ်စုတပ် ထိခိုက်ဒဏ်ရာရသူ များပြား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်။
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် အနောက်ဘက် ရခိုင်ရိုးမအစပ်ရှိ ငပျင်းကျေးရွာနှင့် ပြောင်းကျေးရွာ တို့တွင် စက်တင်ဘာလ ၂ ရက်နှင့် ၃ ရက်နေ့များ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်အုပ်စုတပ်ဘက်မှ ထိခိုက်ကျဆုံးသူ များပြားနေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်အုပ်စုတပ်ဘက်မှ ၄၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၂၀ ကျော်ကို ဧရာဝတီမြစ် တစ်ဖက်ကမ်း ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ စစ်ဆေးရုံသို့ ပို့ဆောင်ထားကာ အချို့ကို သရက်ခရိုင် ဆေးရုံ၌ ကုသပေးနေရသည်။
သရက်မြို့တွင် ကုတင် (၁၀၀) ဆံ့ ဆေးရုံနှင့် တပ်မတော် ဆေးရုံများ ရှိသော်လည်း ဒဏ်ရာပြင်းထန်သူများပြား သဖြင့် ပြည်မြို့သို့ ပို့ဆောင်နေရခြင်း ဖြစ်သည်။
ဒေသခံ သတင်းရင်းမြစ်တစ်ဦးက “ကျဆုံးဒဏ်ရာရတွေတော့ အတိအကျပြောဖို့ခက်တယ် ဒဏ်ရာရတဲ့ ပြည်သူ့ စစ်တွေကို သရက်မှာကုတယ်၊ အရာရှိနဲ့ပြင်းထန်တဲ့သူကို ပြည်ကိုပို့တာ၊ ဟိုတလောက ပြည်မဘက်က ရိုးပေါ် တက်လာတဲ့ စစ်ကြောင်းပေါ့အခု ပြောင်ရွာဘက်ဆင်းလိုက်ရိုးပေါ်ပြန်တက်လိုက်နဲ့ ဖြစ်နေတာပါ” ဟု ပြောသည်။
ငပျင်းကျေးရွာနှင့် ပြောင်းကျေးရွာတို့သည် ရခိုင်ပြည်နယ် အမ်းမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့နှင့် အဓိက ဆက်စပ်နေသည့် နယ်မြေများ ဖြစ်သည်။
ဩဂုတ်လ ၃၀ ရက်နေ့က အင်အား ၂၀၀ ခန့်ပါသည့် စစ်အုပ်စု စစ်ကြောင်းသည် ရခိုင်ရိုးမပေါ်သို့ ထိုးစစ်ဆင် ရာမှ ပြန်လည် တပ်ဆုတ်လာပြီးနောက် မင်းတုန်းမြို့နယ် အနောက်ဘက်ခြမ်း ကျေးရွာများသို့ ရောက်ရှိလာကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ဩဂုတ်လ ၃၀ ရက်ကလည်း မင်းတုန်းမြို့နယ်၊ သဖန်ရောင်ကျေးရွာဘက်မှ အမ်းမြို့နယ် တလိုင်းတောင် လမ်းပိုင်းသို့ ချီတက်လာသည့် စစ်အုပ်စု စစ်ကြောင်းကို အာရက္ခတပ်တော် (AA) က ကြားဖြတ်တိုက်ခိုက်ခဲ့ သဖြင့် စစ်အုပ်စုတပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။
မင်းတုန်းမြို့နယ်နှင့် အမ်းမြို့နယ်ကို ဆက်သွယ်ထားသည့် ရခိုင်ရိုးမ လမ်းကြောင်းသည် မကွေး-မင်းဘူး-အမ်း-စစ်တွေ လမ်းမကြီး (ပဒါန်း-အမ်း လမ်းကြောင်း) နှင့် စေတုတ္တရာ-ပုဏ္ဏားကျွန်း/မြောက်ဦး တောင်ကြို တောင် ကြား တောလမ်းများနှင့် တိုက်ရိုက် ဆက်စပ်နေသည်။
စစ်အုပ်စုတပ်သည် အဆိုပါ ရိုးမလမ်းကြောင်းအတိုင်း စစ်ကြောင်းများဖြင့် ချီတက်ရန် ကြိုးပမ်းနေသဖြင့် AA နှင့် ထိတွေ့တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေခြင်း ဖြစ်သည်။
မင်းတုန်းမြို့နယ်အတွင်း မေလနှောင်းပိုင်းမှစတင်၍ စစ်အုပ်စုတပ် စစ်ကြောင်း လှုပ်ရှားလာပြီးနောက် AA နှင့် ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသဖြင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေး နေရသည်။
ဩဂုတ်လကုန်ပိုင်း စာရင်းများအရ မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၅ ရွာမှ ဒေသခံ ၅,၀၀၀ ခန့် စစ်ဘေး လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။