မကွေးတိုင်း မင်းတုန်းတွင် စစ်သုံ့ပန်းများရှိသည့် ရွာကို စစ်အုပ်စု ဗုံးကြဲ၍ ကလေးငယ်အပါအဝင် ၂ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်။

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်နှင့် ကံမမြို့နယ်အစပ်ရှိ စစ်သုံ့ပန်းများ ထိန်းသိမ်းထားသည့် ချင်းနစ် ကျေးရွာကို စစ်အုပ်စုတပ်က ပါရာမော်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာလ ၈ ရက်နေ့၊ ညနေ ၆ နာရီခန့်တွင် စစ်အုပ်စုတပ်က လေကြောင်းမှ ပါရာမော်တာဖြင့် ဗုံးကြဲခဲ့ ခြင်းဖြစ်ပြီး၊ တိုက်ခိုက်မှုကြောင့် အသက် ၈၃ နှစ်အရွယ် အဖိုးအိုတစ်ဦး၊ အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦး နှင့် နွား ၇ ကောင် သေဆုံးခဲ့သည့်အပြင် ကျေးရွာ ဆေးပေးခန်းနှင့် ပြည်သူ့နေအိမ် အများအပြား ပျက်စီးသွားခဲ့ သည်။

အိမ်ခြေ ၁၀၀ ခန့်ရှိသည့် ချင်းနစ်ကျေးရွာသည် မင်းတုန်းမြို့နယ် နယ်ဆုံး၌ တည်ရှိပြီး ကံမမြို့နယ်နှင့် ကျေးရွာ ချင်းဆက် လမ်းပေါ်တွင် တည်ရှိသော တော်လှန်ရေးတပ်များ စိုးမိုးထားသည့် နယ်မြေဖြစ်သည်။

အသက် ၄၀ အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက “အဲဒီမှာ ဖမ်းမိထားတဲ့ အကောင်တွေ လာထားတယ်လို့ သတင်းသဲ့သဲ့ ကြားနေတာ ကြာပြီ။ ဘယ်နေရာလဲ၊ ဘယ်လောက်လဲတော့ မသိဘူး၊ မလေ့လာရဲဘူး” ဟု ပြော သည်။

ချင်းနစ်ကျေးရွာနှင့် ၂ မိုင်ခန့်အကွာ နယ်မြေချင်း ထိစပ်နေသည့် ကျောက်ပဒေါင်းကျေးရွာကိုလည်း အောက်တို ဘာလ ၄ ရက်နေ့၊ ညပိုင်းက စစ်အုပ်စုက ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်ခဲ့သဖြင့် ခိုင်းနွားတစ်ကောင် သေဆုံးကာ အရပ်သား နေအိမ်မီးဖိုဆောင် ပျက်စီးခဲ့ရသည်။

ထို့ပြင် စက်တင်ဘာလလယ်မှ အောက်တိုဘာလ ၉ ရက်နေ့အထိ လူနေထူထပ်သည့် မဲဇလီကျေးရွာ မြောက် ခြမ်း၊ ကြပ်ကြီးကျေးရွာ၊ ဇွန်းကျဆင်လုပ်သားကျေးရွာနှင့် ကြို့ဝကျေးရွာတို့ကိုလည်း စစ်အုပ်စုက ဂျက်ဖိုက်တာ၊ ပါရာမော်တာများဖြင့် ဗုံးကြဲဖျက်ဆီးနေသဖြင့် ဒေသခံများ ဘေးလွှတ်ရာသို့ တိမ်းရှောင်ပြေးလွှားနေကြရသည်။

လက်ရှိတွင် သရက်ခရိုင် တပ်ရင်း (၄) ကလည်း ဒေသခံပြည်သူများ လေကြောင်းအန္တရာယ်ကို အထူးသတိပြု ကြရန် တိုက်တွန်း နှိုးဆော်ထားသည်။

ဓါတ်ပုံ – (Crd / ချင်းနစ်ကျေးရွာပုံ)