စစ်တွေမြို့အနီးအထိ အာရက္ခတပ်တော် (AA) ထိုးစစ်ဆင်လာ

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်။

စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ အနီးဝန်းကျင်အထိ အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ဆင်မှုများ ရောက်ရှိလာပြီး တိုက်ပွဲများ ပြန်လည် ပြင်းထန်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာများသည် စစ်တွေမြို့၏ မြောက်ဘက်အစွန်း ၉ မိုင်ခန့်အကွာတွင် တည်ရှိပြီး ရသေ့တောင်မြို့နယ်နှင့် ကပ်လျက် တည်ရှိနေသည်။ 

အဆိုပါဒေသများတွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်တပ်က ဂျက်တိုက် လေယာဉ်များနှင့် Y12 လေယာဉ်များ အသုံးပြု၍ ကင်းလှည့်ပျံသန်းမှုများ လုပ်ဆောင်နေသည်။

ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ကုန်ခဲ့တဲ့လကလည်း ရေချမ်းပြင်ဘက်ရွာတွေမှာ ပစ်ခတ်မှုတချို့ ရှိခဲ့တယ်။ အခု ကျနော်တို့ သိရသလောက် ၁၅ ရက်နေ့လောက်က စဖြစ်နေတာ။ ရေချမ်းပြင်ကနေ ရသေ့ တောင်ဘက်ကို ကူးတဲ့ ဇက်ဆိပ်နားမှာ တိုက်ပွဲဖြစ်တယ်၊ အနီးအနားက ကာကင်းတချို့ကို အေအေ ဝင်ပြီး ပြန်ထွက်တယ်။ စစ်တပ် အကျအဆုံးရှိတယ်လို့ သိရတယ်။ အခုရက်ပိုင်း ရေချမ်းပြင်နဲ့ ကျက်တောပြင်ရွာ အနီးအနားကို လေကြောင်းကပါ ကူနေတယ် ဟု ပြောသည်။

ရေချမ်းပြင်ကျေးရွာကို ၂၀၂၄ ခုနှစ်ကတည်းက စစ်တပ်က ရွာလုံးကျွတ် နှင်ထုတ်ခဲ့ခြင်းဖြစ်ရာ လက်ရှိတွင် စစ်တပ်နှင့် နီးစပ်သူများသာ ကျန်ရှိပြီး ရွာသားများမှာ ဘုန်းကြီးကျောင်းနှင့် စစ်ရှောင်စခန်းများတွင် ခိုလှုံနေ ကြရသည်။

တိုက်ပွဲဖြစ်ပွားနေသည့် နေရာများမှာ ရသေ့တောင်မြို့နယ်မှ အငူမော်၏ တစ်ဖက်ကမ်းတွင် တည်ရှိနေပြီး အာရက္ခတပ်တော် (AA) က စစ်ရေးအရ လွှမ်းမိုးရန် ကြိုးပမ်းနေသည့် နေရာများဖြစ်ကြောင်း အခြား ဒေသခံတစ်ဦးက ဆက်ပြောသည်။

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရေချမ်းပြင်နဲ့ ကျက်တောပြင်ဟာ ရသေ့တောင်မြို့နယ်က အငူမော်ရဲ့ တစ်ဖက် ကမ်းမှာရှိတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အဲ့ဒီနေရာတွေကို အေအေက စိုးမိုးဖို့ လုပ်နေတာ၊ ရသေ့တောင် က အေအေလက်ထဲမှာလေ။ စစ်တပ်က မကြာခဏ တိုက်ခံရတယ်၊ အသေအပျောက်ရှိတယ်။ အေအေက ပြန်ဆုတ်သွားတယ် ဖြစ်နေတာ လချီနေပြီ။ 

ရေချမ်းပြင်ကမ်းနားရှိ ဇက်ဆိပ်သည် ကုလားတန်မြစ်နှင့် မယူမြစ်ဝကို ဖြတ်ကျော်လိုက်ပါက ရသေ့တောင် မြို့နယ်သို့ ချက်ချင်းရောက်ရှိနိုင်သဖြင့် နယ်မြေချင်း နီးကပ်နေသည်။ 

ထို့ပြင် တိုက်ပွဲဖြစ်ပွားနေသည့် နေရာများသည် စစ်တွေမြို့ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) နှင့် ၅ မိုင်ခန့်သာ ကွာဝေးသဖြင့် စစ်ကောင်စီတပ်က ကာကင်းများ အခိုင်အမာချထားပြီး အင်အားတိုးမြှင့် ပြင်ဆင်ထားသည်။

ရသေ့တောင်မြို့နယ် တစ်ခုလုံးကို အာရက္ခတပ်တော် (AA) က အပြည့်အဝ ထိန်းချုပ်ထားပြီးဖြစ်ကာ စစ်တွေ မြို့နယ် ရေချမ်းပြင်နှင့် ကျက်တောပြင်အပါအဝင် ကျေးလက်ဒေသများတွင်ပါ စစ်ရေးအရ လွှမ်းမိုး နိုင်ရန် လုပ်ဆောင်လျက်ရှိသည်။ 

အာရက္ခတပ်တော် (AA) သည် စစ်တွေမြို့၏ အနောက်ဘက် ရသေ့တောင်၊ မြောက်ဘက် ပုဏ္ဏားကျွန်းနှင့် အရှေ့ ဘက် ပေါက်တောမြို့နယ်တို့ကို သိမ်းပိုက်ထားပြီးနောက် အဆိုပါမြို့နယ်များနှင့် အစပ်နေရာများမှတစ်ဆင့် စစ်တွေမြို့ကို ဝန်းရံပိတ်ဆို့ကာ ထိုးစစ်ဆင်လာခြင်း ဖြစ်သည်။