AA ထိုးစစ်ကြောင့် စစ်တွေနှင့် ကပစ ၁၆ အနီး တိုက်ပွဲများ ပြင်းထန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်။  

အာရက္ခတပ်တော် (AA) ၏ ထိုးစစ်များကြောင့် ရခိုင်မြို့တော် စစ်တွေနှင့် ပဲခူးတိုင်း ပန်းတောင်ရှိ ကပစ (၁၆) စက်ရုံဝန်းကျင်တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။ 

စစ်ကော်မရှင်တပ်များသည် မြို့တော်စစ်တွေနှင့် ကပစ (၁၆) စက်ရုံကို ကာကွယ်ရန် ဒရုန်များနှင့် ရေကြောင်း ပစ်ကူများကို အသုံးပြု၍ အသည်းအသန် ခုခံနေရကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

စစ်တွေမြို့နယ်အတွင်း၌ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှစတင်ကာ ကျေးတောကျေးရွာနှင့် ရွှေမင်းဂံရေတပ် စခန်း အနီးတွင် တိုက်ပွဲများ တစ်ကျော့ပြန် ပြန်လည်စတင်ခဲ့ခြင်း ဖြစ်သည်။ 

လက်ရှိတွင် AA သည် စစ်တွေမြို့နှင့် တစ်မိုင်ကျော်အကွာအထိ ချဉ်းကပ်လာနိုင်ပြီဖြစ်ရာ မြို့ပေါ်ရှိ စစ်ကော်မရှင်၏ အုပ်ချုပ်ရေးယန္တရားများအတွက် စိုးရိမ်စရာ အခြေအနေသို့ ရောက်ရှိနေပြီဟု မြေပြင် သတင်းရင်းမြစ်က ပြောသည်။

စစ်ရေးအခြေအနေနှင့် ပတ်သက်၍ စစ်တွေမြို့ခံ သတင်းရင်းမြစ်က “ညတိုင်းပဲ နေဗီသင်္ဘောတွေကနေ လက် နက်ကြီးတွေနဲ့ ပစ်နေတယ်။ AA ဘက်က ကုန်းကြောင်းရော ရေကြောင်းကပါ ပိတ်ဆို့ထားတယ်လို့ ကြားရ တယ်။ စစ်တပ်ဘက်ကတော့ မြို့ကို လက်မလွှတ်ရအောင် သင်္ဘောတွေနဲ့ပါ တစ်ညလုံး ပစ်ကူပေးပြီး တားနေရ တဲ့ သဘောရှိတယ်” ဟု ပြောသည်။

ရခိုင်ရှေ့တန်းစစ်မျက်နှာသာမကဘဲ ပဲခူးတိုင်း၊ ပန်းတောင်မြို့နယ်ရှိ စစ်ကော်မရှင်၏ အဓိက လက်နက်ခဲယမ်း ထုတ်လုပ်ရာ စက်ရုံတစ်ခုဖြစ်သော ကပစ (၁၆) ဝန်းကျင်တွင်လည်း ဖေဖော်ဝါရီ ၂၇ ရက်နေ့မှစ၍ တိုက်ပွဲများ အရှိန်မြင့်လာခဲ့သည်။ 

AA နှင့် ပူးပေါင်းတပ်များသည် စက်ရုံ၏ အဓိက ကာကင်းစခန်း ၅ ခုထက်မနည်းကို သိမ်းပိုက်ထားနိုင်ပြီဖြစ် သည်။

ပန်းတောင်မြို့နယ်အတွင်းရှိ တိုက်ပွဲအခြေအနေကို AA နှင့်နီးစပ်သည့် မြေပြင်သတင်းရင်းမြစ်က “စက်ရုံနားက ကာကင်းစခန်းတွေ တော်တော်များများ ကျသွားပြီလို့ သိရတယ်။ AA ဘက်က လက်နက်ခဲယမ်းတွေပါ သိမ်းမိ ထားတယ်ဆိုတော့ စစ်တပ်ဘက်က တော်တော် အကျအဆုံးများပုံရတယ်။ အခုဆို သူတို့က ဒရုန်းတွေသုံးပြီး စက်ရုံပတ်ပတ်လည် ၃ မိုင်လောက်အထိ တောတွေကို မီးရှို့ပစ်နေတာ။ AA က ကပ်လို့မရအောင် လမ်းရှင်းတဲ့ သဘောမျိုး လုပ်နေတာပါ” ဟု ပြောသည်။

စစ်ကော်မရှင်ဘက်မှ AA ၏ ထိုးစစ်ကို တားဆီးရန်အတွက် စစ်တွေတွင် ရေတပ်အင်အားကို အဓိကအသုံးပြုနေ ပြီး၊ ပန်းတောင် ကပစ (၁၆) တွင်မူ တောတောင်များကို မီးရှို့ဖျက်ဆီးသည့် ဗျူဟာကို အသုံးပြုနေသည်။

သို့သော်လည်း AA ဘက်မှ ထိုးစစ်အရှိန်ကို မလျှော့ဘဲ နယ်မြေစိုးမိုးရေးအတွက် ဆက်လက် ဖိအားပေးနေဆဲ ဖြစ်သည်။

ကပစ (၁၆) မှာ အမြောက်နှင့် လက်နက်ကြီးများထုတ်လုပ်သော စစ်ပစ္စည်း စက်ရုံ ဖြစ်သည်။ အနီးအနားတွင် အရေးပါသော ကပစ (၁)၊ (၃) နှင့် (၁၄) တို့လည်း တည်ရှိသည်။ 

ယခုကဲ့သို့ စစ်တွေနှင့် ပဲခူးတိုင်းရှိ အချက်အချာကျသော နေရာများတွင် တိုက်ပွဲများ ပြင်းထန်လာခြင်းသည် စစ်ကော်မရှင်အတွက် စစ်ရေးအရ အကျပ်ရိုက်စေသည့်အပြင် ဒေသခံပြည်သူများ အတွက်လည်း ဘေးလွတ်ရာ သို့ တိမ်းရှောင်ရမည့် အခြေအနေများ ဖြစ်ပေါ်နေသည်။