လေယာဉ်ဗုံးလုပ် ကပစ ကုန်ကြမ်းများကို အရပ်ဘက်ယာဉ်များဖြင့် ပို့ဆောင်နေ
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်။
စစ်အုပ်စုတပ်သည် လေယာဉ်ဗုံးထုတ်လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းများနှင့် ယမ်းစပ်ပစ္စည်းများကို အရပ်ဘက် တွဲကားများ အသုံးပြု၍ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် စလင်း-ဆိပ်ဖြူ လမ်းပိုင်းတို့မှတစ်ဆင့် လျှို့ဝှက် သယ်ယူပို့ဆောင်လျက်ရှိကြောင်း ကပစ ဝန်ထမ်းအငြိမ်းစားများနှင့် မြေပြင်သတင်းရင်းမြစ်များက ပြောသည်။
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ အမှတ် (၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၆) ၌ လေယာဉ်ဗုံးအခွံပြုလုပ်ရန်အတွက် သံရည်ကျို၊ ကြေးရည်ကျိုစက်ရုံများဖြင့် နေ့ညမပြတ် ထုတ်လုပ်နေပြီး အဆိုပါ ဗုံးအခွံများကို ဆိပ်ဖြူမြို့နယ်ရှိ ကပစ ၂၁ သို့ အရပ်ဘက် တွဲကား ၇ စီးခန့်ဖြင့် တစ်လလျှင် ၂ ကြိမ် ပို့ဆောင်နေခြင်းဖြစ်သည်။
ကပစ အငြိမ်းစား အရာခံဝန်ထမ်းတစ်ဦးက “ကပစ ၆ မှာ လေယာဉ်ဗုံးအခွံတွေအတွက် နေ့ဆိုင်း၊ ညဆိုင်းတွေနဲ့ ထုတ်လုပ်ပေးနေတာပါ” ဟု ပြောပြသည်။
ရုရှား၊ တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံတို့မှ အရပ်ဘက် မြို့ပြဆောက်လုပ်ရေး ကုန်ကြမ်းအဖြစ် ခေါင်းစဉ် တပ်ကာ တင်သွင်းလာသည့် သံပိုက်လုံးများကို ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ဧရာဝတီမြစ်အတိုင်း ထုံးဘို ပျဉ်ကြီး ဆိပ်ကမ်းသို့ ရေလမ်းကြောင်းဖြင့် ပို့ဆောင်ပြီးနောက် ကပစ ၆ သို့ အရပ်ဘက် တွဲကားများဖြင့် သယ်ယူကာ စက်သုံးဆီဖြင့် ယာဉ်ငှားခ အစားထိုး ပေးချေနေသည်ဟု ဆိုသည်။
ကပစ စက်ရုံလုပ်သားတစ်ဦးကလည်း “ရုရှားကရောက်လာတဲ့ သံပိုက်တွေကို ကပစ ၆ မှာ ဖြတ်တောက်ပြီး ပုံစံထောင်းရတာပါ။ အရင် အကြီးစားစက်မှုလုပ်ငန်း စက်ရုံ ၅ ကို စစ်တပ်က သိမ်းထားတော့ တကစ ဆိုပြီး လည်ပတ်နေတာ။ အခြားထုတ်ကုန် မရှိတော့ အဲဒီက လုပ်သားတွေကို ကပစ ၆ မှာ ခေါ်ခိုင်းနေတာ နေ့မအား ညမအားဘဲ အရမ်းပင်ပန်းလှပြီ” ဟု ပြောသည်။
အဆိုပါ ကုန်ကြမ်းများနှင့် လေယာဉ်ဗုံးအခွံများ ပို့ဆောင်မှုကို ယခု အောက်တိုဘာလအတွင်း စစ်အုပ်စုက ပိုမိုတိုးမြှင့် သယ်ယူနေခြင်း ဖြစ်သည်။
ကုန်ကြမ်းနှင့် ဗုံးအခွံများ ပို့ဆောင်ရာတွင် စစ်တပ်မှ ဗိုလ်မှူး သို့မဟုတ် စီနီယာ ဗိုလ်ကြီးတစ်ဦးက အရပ် ဝတ်ဖြင့် ဦးဆောင်ကာ မကွေး၊ ပြည်၊ အောင်လံ စသည့် တပ်နယ်များမှ လမ်းကြောင်းတစ်လျှောက် လုံခြုံရေး ယူပေးကြသည်ဟုလည်း ဆိုသည်။
အထူးသဖြင့် တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားသည့် စလင်း-ဆိပ်ဖြူ လမ်းပိုင်းတွင် စစ်အုပ်စုက အရပ်ဘက် ယာဉ်များကို ကပစ ၂၁ ၏ လုံခြုံရေးယာဉ် ၆ စီးအပြင် တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီးဖြင့် အနီးကပ် ဝန်းရံ စောင့်ရှောက်၍ သယ်ယူနေကြသည်။
အဆိုပါ ကပစ ဝန်ထမ်းအငြိမ်းစားက “အခု ကပစ ၆ က အောက်တိုဘာ ၇ ရက်နေ့ကထွက်တာဆိုရင် ပန်းတောင်းနယ်ကို ပန်းတောင်းတပ်နယ်က၊ ပြည်ကို ပြည်ဒကစ၊ အောင်လံဆို အောင်လံတပ်နယ်က လမ်း တလျှောက် လုံခြုံရေးပေးရတယ်။ ဆိပ်ဖြူနယ် PDF ပြင်းထန်တဲ့နေရာကိုတော့ ရဟတ်ယာဉ် ၂ စီးနဲ့ ကာဗာယူတာ” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က သရက်မြို့နယ် ကပစ ၁၂ မှ ဆိတ်ဖြူ ကပစ သို့ ဒုံးသီးအပျက်များ အရည်ပြန်ကြိုရန် ပို့ဆောင်စဉ် တော်လှန်ရေးတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ယာဉ်နှင့် လူပါ ပျက်စီးဆုံးရှုံးခဲ့ရဖူးသဖြင့် ကပစ ၁၂ စက်ရုံမှူး ဗိုလ်မှူးကြီးတစ်ဦး အရေးယူခံခဲ့ရသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။