စစ်တွေနှင့် ၄ မိုင်အကွာသို့ AA ထိုးစစ်ဆင်လာပြီး ဒကစ အရာရှိမိသားစုများ တပ်ရင်း စခန်းများသို့ အရေးပေါ်ဆုတ်ခွာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်။

ရခိုင်ပြည်၏ မြို့တော် စစ်တွေမြို့နှင့် လေးမိုင်ခန့်သာ ကွာဝေးသော မင်းဘူး-အမ်း-စစ်တွေ ကားလမ်းဘေးရှိ ကျေးရွာတစ်ရွာအနီးသို့ အာရက္ခတပ်တော် (AA) ၏ မြေပြင်ထိုးစစ်များ ဆိုက်ရောက်လာပြီး ဇွန်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့တို့တွင် စစ်တပ်နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ တိုက်ပွဲများအတွင်း နာရီကန်ကျေးရွာအနီးရှိ စစ်တပ်၏ ကင်းပုံးစခန်းမှ တပ်ဖွဲ့ဝင်အချို့ကို AA က လက် ရ ဖမ်းဆီးရမိခဲ့ပြီး စစ်တပ်ဘက်မှ ကျဆုံးမှုအချို့ ရှိခဲ့သည်။ 

ထို့ကြောင့် နာရီကန်ကျေးရွာနှင့် နှစ်မိုင်ဝန်းကျင်သာ ကွာဝေးသည့် စစ်တွေဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) မှ အရာရှိများနှင့် မိသားစုဝင်များအား မြို့တွင်းရှိ တပ်ရင်းများဆီသို့ အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရသည်ဟု သတင်းရင်းမြစ် အချို့က ပြောသည်။

စစ်တွေမြို့မှ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပစ်ခတ်သံတွေကြားနေရတယ်၊ စစ်တွေမှာလည်း ညဘက် ကင်းပတ်တပ်တွေ စစ်ကားတွေသွားတာတွေရှိတယ်၊ နေရောညရော ပစ်ခတ်သံတွေရှိတယ်၊ ရွှေမင်းဂံနဲ့ ဒကစ က စစ်တပ်တပ်ဖွဲ့ဝင်တချို့ပြောင်းတယ်လို့သိရတယ်၊ နာရီကန်အနီး ကင်းပုံးစခန်းက တပ်ဖွဲ့ဝင်တချို့ကို အေအေဖမ်းမိထားတယ်လို့ သိရတယ်၊ တိုက်ပွဲဟာမြို့နဲ့နီးလာပါပြီ၊ အေအေက စစ်တပ်သင်္ဘောတွေကိုလည်း လှမ်းပစ်တာတွေရှိတယ် ဟု ပြောသည်။

လက်ရှိတွင် အာရက္ခတပ်တော် (AA) သည် စစ်တွေမြို့အရှေ့မြောက်ဘက် တစ်မိုင်ခွဲခန့်အကွာရှိ ရွှေမင်းဂံ ရေတပ်စခန်းကို သာမက၊ မြောက်ဘက်ရှိ ဒကစ ကာကင်းများကိုပါ ဝန်းရံတိုက်ခိုက်နေပြီး စစ်တွေအနီး ပင်လယ်ပြင်ရှိ စစ်သင်္ဘောများကိုလည်း လက်နက်ကြီးများဖြင့် လှမ်းပစ်လျက်ရှိသည်။ 

စစ်တပ်ဘက်ကလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသော်လည်း လောလောဆယ်တွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သည်ကို မတွေ့ရသေးကြောင်း သိရသည်။

စစ်တွေမြို့ပြကျဆုံးမည်ကို စိုးရိမ်နေသည့် စစ်တပ်သည် မြို့တွင်း၌ ညနေပိုင်းတွင် စစ်ကားများဖြင့် နေ့စဉ် ကင်း လှည့်ခြင်း၊ ဒေသခံများကို လိုက်လံဖမ်းဆီးခြင်းများ ပြုလုပ်နေသည့်အပြင်၊ ည ၉ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့် (ပုဒ်မ ၁၄၄) ကို ထုတ်ပြန်ထားသည်။

လက်ရှိတွင် အာရက္ခတပ်တော် (AA) သည် စစ်တွေမြို့၏ ပတ်ပတ်လည်ရှိ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်များကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်တွေမြို့ကို ဝန်းရံပိတ်ဆို့ထားဆဲ ဖြစ်ကြောင်း မြေပြင်သတင်းများက ဆိုသည်။

ဓာတ်ပုံ – wikipedia (စစ်တွေမြို့ ဗျူးပွိုင့် )