ရန်ကုန် ပြည်သူ့ပါတီရုံးအနီး ဗုံးပေါက်ကွဲ၊ ကိုယ်စားလှယ်လောင်းတစ်ဦး အမှုဖွင့်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်။

၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုများ ပြုလုပ်နေစဉ်အတွင်း ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဦးကိုကိုကြီး ဦးဆောင်သော ပြည်သူ့ပါတီ (People’s Party) ရန်ကုန်တိုင်းရုံး၌ ညပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ 

ဤသည်မှာ မဲဆွယ်ကာလအတွင်း နိုင်ငံရေးပါတီရုံးတစ်ခု ပထမဆုံးအကြိမ် ပစ်မှတ်ထား တိုက်ခိုက်ခံရခြင်း လည်း ဖြစ်သည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့၊ ည ၇ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့သော အဆိုပါပေါက်ကွဲမှုသည် ပါတီရုံးအဝင် လှေကား အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူထိခိုက်ဒဏ်ရာရမှု မရှိသော်လည်း အဆောက်အအုံရှိ မှန်များကွဲအက်ခြင်း၊ ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်များနှင့် ရပ်နားထားသော မော်တော်ယာဉ်အချို့ ပျက်စီးသွားခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားရာအနီးတွင် နေထိုင်သည့် ဒေသခံတစ်ဦးက ထိုစဉ်က အခြေအနေကို ယခုကဲ့သို့ ပြောသည်။

“ညဘက်ကြီး အုန်းခနဲ အကျယ်ကြီးပဲ၊ မြေကြီးတောင် တုန်သွားတယ်။ အစကတော့ မီးသွေဖောက်တာလား အောက်မေ့တာ၊ နောက်မှ ပါတီရုံးနားမှာ မီးခိုးတွေထွက်နေတာ တွေ့ရတာ။ လမ်းထဲမှာလည်း ရုတ်ရုတ်သဲသဲတွေ ဖြစ်သွားပြီး ခဏနေတော့ လုံခြုံရေးတွေ ရောက်လာတာပဲ။”

ယခုတိုက်ခိုက်မှုသည် ရွေးကောက်ပွဲလုပ်ငန်းစဉ်များအပေါ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်သဖြင့် မြို့ခံများ အကြား စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

အခြားတစ်ဖက်တွင်လည်း ပြည်သူ့ပါတီ၏ သင်္ဃန်းကျွန်းမြို့နယ် ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်သည် မဲဆွယ် စည်းရုံးရေး ဟောပြောရာတွင် ‘အရေးတော်ပုံ’ ဆိုသည့် စကားလုံးကို သုံးနှုန်းခဲ့ခြင်းကြောင့် ရွေးကောက်ပွဲ ဥပဒေဖြင့် အမှုဖွင့်အရေးယူခြင်း ခံထားရသည်။ 

အဆိုပါ စကားလုံး အသုံးအနှုန်းသည် လက်ရှိ တည်ဆဲဥပဒေနှင့် ငြိစွန်းသည်ဟုဆိုကာ တိုင်ကြားခံရခြင်း ဖြစ်သည်ဟု ၎င်းနှင့်နီးစပ်သူများက ပြောသည်။

ပြည်သူ့ပါတီသည် ရှစ်လေးလုံးကျောင်းသား ခေါင်းဆောင်ဟောင်း ဦးကိုကိုကြီး ဦးဆောင်သည့် ပါတီဖြစ်ပြီး လာမည့် ၂၀၂၅ ရွေးကောက်ပွဲတွင် ပြည်ထောင်စုအဆင့်၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် ပါတီတစ်ခု ဖြစ်သည်။ 

ယခုဖြစ်စဉ်များနှင့် ပတ်သက်၍ ပါတီဗဟိုမှ တရားဝင် ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း မရှိသေးပေ။

ရန်ကုန်မြို့နေ ပြည်သူများမှာမူ ယခုဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုကို အကြောင်းပြ၍ စစ်ကော်မရှင်တပ်က လုံခြုံရေးများ တိုးမြှင့်ပြီး အစစ်အဆေး ယခင်ကထက် တင်းကျပ်လာမှာကို စိုးရိမ်နေကြသည်။