နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှု အထောက်အထားများကို ထိုင်းပြည်သူ့ပါတီက တရုတ်သံရုံးသို့ ပေးအပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်။ 

မြန်မာနိုင်ငံအပါအဝင် အိမ်နီးနားချင်းနိုင်ငံများ၏ သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် ဖြစ်ပေါ်လာသည့် နယ်စပ်ဖြတ်ကျော် ရေထုညစ်ညမ်းမှုဆိုင်ရာ သိပ္ပံနည်းကျ အထောက်အထားများကို ထိုင်းအတိုက်အခံ ပြည်သူ့ပါတီ (People’s Party) က ဘန်ကောက်မြို့ရှိ တရုတ်သံရုံးသို့ ပေးအပ်ကာ အကူအညီတောင်းခံလိုက်သည်။

ဇူလိုင် ၁၅ ရက် ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်အရ ပြည်သူ့ပါတီခေါင်းဆောင် နတ်ထာဖွန် (Natthaphong Ruengpanyawut) နှင့်အဖွဲ့သည် တရုတ်သံအမတ်ကြီးနှင့် တွေ့ဆုံကာ အထောက်အထားများ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ 

ထိုင်းမြောက်ပိုင်းရှိ ကုတ်မြစ် (Kok)၊ ဆိုင်မြစ် (Sai)၊ ရုအက်မြစ် (Ruak)၊ မဲခေါင်မြစ်နှင့် သံလွင်မြစ်တို့တွင် တွေ့ရှိရသည့် အဆိပ်သင့်သတ္တုဓာတ်များသည် ထိုင်းနိုင်ငံတွင်းမှ ထွက်ပေါ်လာခြင်းမဟုတ်ကြောင်းနှင့် ထိုင်းညစ်ညမ်းမှုထိန်းချုပ်ရေးဌာန၏ ရေနှင့် အနည်အနှစ် စစ်ဆေးချက် အထောက်အထားများကို လွှဲပြောင်းပေးခဲ့သည်။

၎င်းအပြင် Stimson Center ၏ အချက်အလက်များအရ နယ်စပ်တစ်လျှောက်ရှိ သတ္တုတွင်း တည်နေရာပေါင်း ၂,၆၀၀ ကျော်၏ ကိုဩဒိနိတ်များကိုလည်း ပေးအပ်ခဲ့သည်။  

အဆိုပါ လုပ်ငန်းများတွင် တရုတ်ကုမ္ပဏီများ ပါဝင်ပတ်သက်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးပေးရန်နှင့် တရားဝင် စာဖြင့် ပြန်လည်အကြောင်းပြန်ပေးရန် တောင်းဆိုခဲ့သည်။ 

ဘန်ကောက်အခြေစိုက် တရုတ်သံအမတ်ကြီးကလည်း ဤအထောက်အထားများကို ပေကျင်းရှိ တရုတ်ဗဟိုအစိုးရထံ တိုက်ရိုက်ဆက်လက် ပေးပို့သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။