ကျောင်းများအား ပစ်မှတ်ထား ဗုံးကြဲခြင်းကြောင့် ကရင်နီကျောင်းသားများ ဘေးအန္တရာယ် စိုးရိမ်နေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်။

ကရင်နီပြည်အတွင်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို နေ့စဉ်လုပ်ဆောင်နေသောကြောင့် ပညာသင်ကြားနေသည့် ကလေးငယ်များ၏ အသက်အန္တရာယ်နှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးအတွက် စိုးရိမ်နေရ သည်ဟု ကျောင်းတာဝန်ခံများနှင့် ကျောင်းသားမိဘများက ပြောသည်။

အထူးသဖြင့် လွန်ခဲ့သည့် ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်အပြင် ယခင်ပညာသင်နှစ်များအတွင်း စာသင်ကျောင်း များအထိ စစ်တပ်က လေကြောင်းဖြင့် ပစ်မှတ်ထားဗုံးကြဲခဲ့သည့် ဖြစ်စဉ်များကြောင့်၊ ယခုရောက်ရှိနေသည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်သစ်တွင် ကလေးငယ်များ၏ ဘေးကင်းလုံခြုံရေးနှင့် စဉ်ဆက်မပြတ် ပညာသင်ကြား နိုင်ရေး အတွက် စိုးရိမ်ပူပန်နေကြခြင်း ဖြစ်သည်။ 

စစ်ဘက်နှင့် အရပ်ဘက်ပစ်မှတ် မခွဲခြားဘဲ တိုက်ခိုက်နေမှုများကြောင့် ကျောင်းသားကျောင်းသူများမှာ လေယာဉ်သံ ကြားရုံမျှဖြင့် ထိတ်လန့်ကြောက်ရွံ့နေကြရပြီး ပြင်းထန်သော စိတ်ဒဏ်ရာ (Trauma) များလည်း ဆက်လက် ခံစားနေကြရသည်ဟု ပညာရေး ဝန်ထမ်းများက ပြောသည်။  

ထို့ကြောင့် ယခုနှစ်တွင် စစ်ပဋိပက္ခကြား ကျောင်းသားများ အသက်ဘေးလွတ်မြောက်နိုင်ရန် ကျောင်းဆောင်များ ၌ ဗုံးခိုကျင်းများ ပိုမိုထည့်သွင်းဆောက်လုပ်ခြင်းနှင့် လေကြောင်းရန် ကြိုတင်သတိပေးခြင်းများကို ကာကွယ် ရေး အနေဖြင့် ပိုမိုတိုးမြှင့်လုပ်ဆောင်လာရသော်လည်း လက်တွေ့တွင် စိန်ခေါ်မှုများက ရှိနေဆဲဖြစ်သည်။

ရောင်ခြည်ဦးစစ်ရှောင်စခန်းမှ ကျောင်းတာဝန်ခံ ဆရာမ ဒေါ်နော်ကြာဒေးက ကျောင်းသား ၂၀၀ ကျော်တဲ့ အတွက် အန္တရာယ်များတယ်ပေါ့နော်။ လူအုပ်တစ်အားဖြစ်မှာစိုးလို့ စာသင်တဲ့နေရာကို ၄ နေရာ ခွဲထားတယ်။ နေရာလုံးမှာတော့ ဗုံးခိုကျင်း ဗုံးခိုမြောင်းလေးတော့ လုပ်ထားပေးတယ်ပေါ့။ အဲ့လို မလုပ်ထားပေးလို့ရှိရင် လေယာဉ်လာတယ်ဆိုလို့ရှိရင် ကလေးတွေက တအားကြောက်ကြတယ်ပေါ့နော်။ ဆရာမတို့ ကိုယ်တိုင်လည်း ကြောက်တယ်။ လေယာဉ်အန္တရာယ်နဲ့ ပတ်သက်ပြီး အရေးပေါ်အချက်ပေးတာတွေတော့ မရှိဘူးပေါ့နော်။ ဆရာမတို့က စာသင်လို့ရှိရင် မကြားဘူး၊ မိဘတွေက ပြေးလာပြောပေးတယ် ဟု ပြောသည်။

စစ်အုပ်စု၏ လေကြောင်းဗုံးကြဲမှုများက စာသင်ကျောင်းများဆီ တိုက်ရိုက်ဦးတည်လာနေသဖြင့် မိဘများအနေ ဖြင့် ကလေးများကို ကျောင်းပို့ရာတွင် ကာကွယ်နိုင်ရန် ဗုံးခိုကျင်းများကိုသာ အားကိုးနေရကြောင်း ရောင်ခြည်ဦး စစ်ရှောင်စခန်းမှ ကျောင်းသားမိခင်တစ်ဦးက ဆိုသည်။

လေယာဉ်လာတယ်ဆို မိဘတွေက ကျောင်းဆရာမကို သတင်းပို့ပေးရတာပေါ့။ ပို့ပေးပြီး ကိုယ့်အိမ်ပြန်နေ လိုက်တယ်။ လေယာဉ်က တစ်ခါတစ်လေကျတော့ အဝေးကြီးထွက်သွားတယ်၊ ဗြုန်းကနဲ ပြန်လာတဲ့ ဟာတွေ လည်း ရှိတယ်။ တောက်လျှောက် လေယာဉ်က လာပြီဆိုရင် စိုးရိမ်ပြီးတော့ တစ်ခါ ကလေးကို ပြန်ခေါ်ပြီး တော့ ပုန်းကျင်းထဲကို ဝင်ရတာပေါ့။

အလားတူ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ အခြေခံပညာစာသင်ကျောင်းတစ်ကျောင်းတွင်လည်း စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် စာသင်ခန်းအတွင်းရှိ ကလေးငယ်များမှာ စိတ်ဒဏ်ရာ (Trauma) ရရှိနေကြကြောင်း ကျောင်းတာဝန်ခံ CDM ဆရာမတစ်ဦးက ရှင်းပြသည်။

လေယာဉ်တို့ လက်နက်ကြီးတို့ လာတဲ့အချိန်ကျတော့ ကလေးတွေက ကြောက်ပြီး စိတ်ဒဏ်ရာဖြစ်တဲ့ ကလေး ဆယ်ယောက်လောက်ရှိတယ်။ သူတို့ အဲ့ဒီအသံကို ကြားတာနဲ့ ပတ်ဝန်းကျင်ကို အကူအညီတောင်းတဲ့ပုံစံမျိုး သူတို့မျက်နှာတွေက။ ဆရာ/မဆီ ပြေးလာပြီးတော့ သူတို့တုန်တယ်၊ အော်ငိုတယ်၊ အဲ့လိုမျိုးတွေရှိတယ်။

ကျောင်းသားမိဘများကလည်း စစ်တပ်၏ လေကြောင်းအန္တရာယ်ကြောင့် မိမိတို့ကလေးငယ်များ၏ အသက် ဘေးကို စိုးရိမ်ပူပန်နေရသော်လည်း တစ်ဖက်တွင် ပညာရေးနောက်ကျကျန်ခဲ့မည်ကို စိုးရိမ်သဖြင့် အန္တရာယ် ကြားကပင် ကျောင်းပို့နေကြရသည်။ 

ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှ ကျောင်းသားမိခင်တစ်ဦးက ကလေး ကျောင်းပို့တဲ့အခါ စိုးရိမ်ခြင်းတော့ ရှိ တာပေါ့။ ဒါပေမဲ့ မပို့ဘူးဆိုရင်လည်း ပညာရေးက နောက်ကျသွားတာပေါ့။ သူတို့လည်း တက်တယ်ပေါ့နော်။ အန္တရာယ်ကင်းအောင် ဆရာမဆိုလည်း ပုန်းကျင်းတွေ အကုန်လုပ်ထားတယ် ဟု ပြောသည်။

ထို့ပြင် စာသင်ကျောင်းများတွင် ဗုံးခိုကျင်းများနှင့် လေကြောင်းရန် ကြိုတင်သတိပေးချက်များအပြင်၊ လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ အသိပညာပေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေး သင်တန်းများကိုပါ ထည့်သွင်း သင်ကြားနေရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းက လွိုင်နန်းဖစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုကို ကိုယ် တိုင်ကြုံတွေ့ခဲ့ရသည့် အထက်တန်းကျောင်းသူတစ်ဦးက ယခုကဲ့သို့ပြောသည်။

လေကြောင်းအန္တရာယ်နဲ့ ပတ်သက်ပြီး အသိပညာသင်တန်းပေးတာတွေ ရှိတယ်။ လေယာဉ်လာရင် ဗုံးခိုကျင်း ထဲ ဘယ်လိုပြေးဝင်ရမလဲ၊ ဘယ်လိုဝပ်ရမလဲ၊ ဘယ်လိုနေရမလဲ၊ ဒဏ်ရာရလို့ရှိရင် လူနာကို ဘယ်လို သယ်ရ မလဲ ရှေးဦးသူနာပြုနည်းတွေလည်း သင်ပေးတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာဆိုတော့ လေယာဉ် လာကြဲ ဆို ရုတ်တရက်ကြီးဆိုတော့ အဲ့ဒီဟာတွေကို မေ့သွားတတ်တော့ ဒီတိုင်းပဲ အလုအယက် ပြေးကြတယ်။

စစ်တပ်၏ လေကြောင်းပျံဝဲမှုများနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကရင်နီပြည်ရှိ စာသင်ကျောင်းများမှာ ပုံမှန်စာသင်ချိန်မရဘဲ မကြာခဏ ယာယီပိတ်ထားရသဖြင့် သင်ခန်းစာများ ပြီးဆုံးအောင် စနေ၊ တနင်္ဂနွေနေ့ များ တွင်ပါ အချိန်ပိုခေါ်ယူ၍ ဖြည့်စွက်သင်ကြားပေးနေရကြောင်း ကျောင်းတာဝန်ခံများက ပြောသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ပညာရေးဌာန၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ပညာသင် နှစ်တွင် ကရင်နီပြည်အတွင်း အခြေခံပညာကျောင်းပေါင်း ၄၇၀ ကျော်၌ ကျောင်းသားဦးရေ ၅၇,၅၈၀ ဦး ရှိခဲ့သည်။ 

ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်သစ်တွင်လည်း အဆိုပါ စာသင်ကျောင်းများ၌ ဆရာ၊ ဆရာမနှင့် သင်ထောက်ကူ ပစ္စည်း လိုအပ်ချက်များအပြင် ကလေးငယ်များ လုံခြုံစွာ ပညာသင်ယူနိုင်ရေးအတွက် ဗုံးခိုကျင်းများနှင့် အမိုးအကာများ လိုအပ်လျက်ရှိသည်။

ဓါတ်ပုံ – Clean Yangon