ကမ္ဘာ့အသက်အကြီးဆုံး လိပ်ကြီး “ဂျော်နသန်” ဂင်းနစ်အိုင်ကွန်ဆုရ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်။ 

၁၈၃၂ ခုနှစ်မတိုင်မီက မွေးဖွားခဲ့ပြီး လက်ရှိအချိန်အထိ အသက်ရှင်လျက်ရှိသည့် ကမ္ဘာ့အသက်အကြီးဆုံး ကုန်းနေသတ္တဝါအဖြစ် စံချိန်တင်ထားသည့် လိပ်ကြီး ဂျော်နသန် (Jonathan) ဟာ အခုဆိုရင် ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့ (Guinness World Records) ရဲ့ သမိုင်းဝင်အိုင်ကွန် (Icon) ဆုတံဆိပ်ကို ထပ်မံဆွတ်ခူးရရှိသွားခဲ့ပြီ ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၁ ရက် (April Fool’s Day) တုန်းက အဆိုပါ လိပ်ကြီး သေဆုံးသွားပြီဖြစ်ကြောင်း လူမှုကွန်ရက်ပေါ်တွင် သတင်းအမှားများ ပျံ့နှံ့ခဲ့သေးသော်လည်း၊ အသက် ၁၉၄ နှစ်ကျော်နေပြီဖြစ်သည့် လိပ်ကြီး ဂျော်နသန်သည် လက်ရှိအချိန်အထိ ကျန်းမာသန်စွမ်းလျက်ရှိနေရုံတင်မကဘဲ ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့က “ဂင်းနစ်အိုင်ကွန်” အဖြစ်ပါ တရားဝင်သတ်မှတ် ကြေညာခြင်း ခံခဲ့ရခြင်း ဖြစ်သည်။

ဆာရှဲလ် (Seychelles) မျိုးနွယ်စုဝင် ဧရာမလိပ်ကြီး ဂျော်နသန်သည် ကမ္ဘာပေါ်တွင် ပထမဆုံး ဓာတ်ပုံရိုက်ကူးသည့်စနစ် မပေါ်ပေါက်ခင်၊ တယ်လီဖုန်းများ မတီထွင်နိုင်ခင်နှင့် ပါရီမြို့က အီဖယ်မျှော်စင်ကြီး မတည်ဆောက်ခင် ကတည်းက ကမ္ဘာမြေပေါ်တွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ၎င်းသည် ဗြိတိသျှပိုင် St. Helena ကျွန်းရှိ ကျွန်းအုပ်ချုပ်ရေးမှူး၏ စံအိမ်ဝင်းထဲတွင် တခြားလိပ် ၃ ကောင်နှင့်အတူ နေပူစာလှုံရင်း၊ မြက်ခင်းပြင်တွင် အေးအေးလူလူ အစာစားရင်း နေ့ရက်များကို ဖြတ်သန်းလျက်ရှိသည်။