လောင်းလုံးမြို့နယ်အတွင်း လက်နက်ကြီးကြောင့် တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲက နေအိမ်တစ်လုံးအပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု ကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။ သေဆုံးသူမှာ ဖခင်ဖြစ်ပြီး သမီးဖြစ်သူက ဒဏ်ရာ ရသွားခဲ့သည်။
လောင်းလုံးမြို့နယ်၊ သဗျာကျေးရွာအုပ်စု၊ ပန်းတောပြင်ကျေးရွာရှိ နေအိမ်တစ်ဆောင်ပေါ်သို့ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည် ဟု ရွာသားများက ပြောသည်။
ဇူလိုင်လ ၂၂ ရက်နေ့၊ နံနက်ပိုင်း ၁၁ နာရီခွဲအချိန်ခန့်က ထားဝယ်မြို့ပေါ်ရှိ နတလရုံးနှင့် အကောက်အခွန်ရုံးတို့၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ လောင်းလုံးမြို့ဘက်သို့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
လက်နက်ကြီး ကျည်စ ထိမှန်၍ အသက် ၆၀ အရွယ် ဖခင်ဖြစ်သူ ဦးဉာဏ်စော ဆိုသူသေဆုံးခဲ့ပြီး အသက် ၃၅ နှစ်အရွယ် သမီးဖြစ်သူ မမေယု ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အသက် ၄၅ နှစ်အရွယ် ရွာသားတစ်ဦးက “အဖေလုပ်တဲ့သူ ထိုင်နေတဲ့နေရာ တည့်တည့်ကို ကျတာ၊ ခန္ဓာကိုယ် အောက်ပိုင်း တစ်ခုလုံးကြေမွသွားတယ်။ ကူကြပါ ကယ်ကြပါ အော်ရင်းနဲ့ ဆုံးသွားတာ၊ သမီးလုပ်တဲ့ သူမှာ ကတော့ လည်ပင်းကို အစစင်သွားတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အရပ်သားများ နေထိုင်သည့် ကျေးရွာထဲကို လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့မှ လောင်းလုံးမြို့နယ်ဘက်သို့ လက်နက်ကြီး လေးလုံး ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယခု လက်နက် ကြီးကျရောက်သည့် နေအိမ်၏ အပေါ်ပိုင်းမှာ လုံးဝပျက်စီးသွားသည်။
ထို့အပြင် အနီးပတ်ဝန်းကျင်ရှိ နေအိမ်အချို့လည်း လက်နက်ကြီးကျည်စ ထိမှန်ခဲ့သေးကြောင်း ရွာသားများက ဆိုသည်။