သရက်ချောင်းမြို့နယ်အတွင်း လက်နက်ကြီးကြောင့် ၂ ဦးသေ၊ ၅ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်။ 

ထားဝယ်ခရိုင် အရှေ့တောဒေသ၊ သရက်ချောင်းမြို့နယ်ထဲက ဟိန္ဒူးချောင်းကျေးရွာအနီးတွင် စစ်ကောင်စီ ဗျူဟာကုန်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် နှစ်ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာ ရရှိခဲ့သည်။

လက်နက်ကြီးကျည်စထိမှန်ပြီး သေဆုံးသွားသူမှာ ကားသမားနှင့် ခရီးသည် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြသည် ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားသည်။

KNU မြိတ် – ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နား က ကမ်းနားမှာ လှေနဲ့ကူးဖို့ လုပ်နေတဲ့အချိန် စစ်ကောင်စီ စခန်းရှိနေတဲ့ မေတ္တာ ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ ပစ်လိုက်ရာမှာ ထိသွားတာပါ ဟု ပြော သည်။

လက်နက်ကြီး ကျည်စထိမှန်၍ ကားသမားတစ်ဦး သေဆုံးကာ ခရီးသည် ငါးဦး ဒဏ်ရာရသွားခဲ့သည်ဟု ရွာသား များကပြောသည်။ 

စစ်ကောင်စီ၏ မေတ္တာစခန်းမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ ယာဉ်မောင်မှာ အသက် ၃၉ နှစ် အရွယ် ဦးရန်နိုင်ဆိုသူ ဖြစ်ပြီး ခရီးသည် အမျိုးသမီးငယ်မှာမူ မည်သူမည်ဝါဖြစ်ကြောင် မသိရသေးဘူးဟု KNU က ဆိုသည်။

ပကာရီ – ထီးခီးကားလိုင်း ပြေးဆွဲနေသည့် ခရီးသည်တင်ကားမှာ ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းက လက်နက် ကြီးဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

ကားပေါ်တွင် လိုက်ပါလာသူများမှာ မေတ္တာမြို့တွင် နေထိုင်ကြသူများ ဖြစ်ကြပြီး ထားဝယ်မြို့ဘက်သို့ လာစဥ် ဟိန္ဒူးချောင်းကျေးရွာ တံတားတွင် ရေကြီးနေသဖြင့် လှေဖြင့်ကူးရန် လုပ်နေသည့် အချိန်၌ ပစ်ခတ်ခံရခြင်း ဖြစ် ကြောင်း KNU မြိတ် – ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နား က ဆိုသည်။ 

စစ်ကောင်စီဘက်က လက်နက်ကြီး မပစ်ခတ်မီ ဟိန္ဒူးချောင်းကျေးရွာအနီးရှိ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ဂိတ်အနီးတွင် စစ်ကောင်စီနှင့် KNLA တို့ ထိတွေ့ပစ်ခတ်မှု ရှိခဲ့ကြောင်း ဆိုသည်။ 

ထိခိုက်သေဆုံးမှုများ ဖြစ်ခဲ့ပြီးနောက် ကျန်ခရီးသည်များကို စစ်ကောင်စီတပ်ဖွဲ့မှ စစ်ဆေးရန်ဟု ဆိုကာ ခေါ် ဆောင်သွားခဲ့ပြီး ဇူလိုင်လ ၂၁ ရက်နေ့၊ ညနေပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့သည်ဟု ကားသမားတစ်ဦးက ဆို သည်။ 

ဖမ်းဆီးခေါ်ဆောင်သွားသည့် ခရီးသည်များ၏ ငွေနှင့် ပစ္စည်းများကိုမူ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ယူသွားခဲ့ သည်ဟု နီးစပ်သူများက ပြောသည်။ 

ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အနီး ကော့လှိုင်ကျေးရွာမှ ဥယျာဉ်ခြံ တစ်ခုထဲတွင် ကလေးငယ်များ အပါအဝင် မိသားစုဝင် လေးဦး သေဆုံးပြီး တစ်ဦးမှာ လက်တစ်ဖက် ဆုံးရှုံးခဲ့ရသေးသည်။