စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်ရှိ ရွှေမျှောဖောင်များ ဗုံးကြဲခံရ၍ သေဆုံးသူ ၁၀ ဦးထက်မနည်း ရှိလာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်။

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်အတွင်း စစ်ဘေးရှောင်များ လုပ်ကိုင်နေသည့် ရွှေမျှောဖောင် များကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် လက်ရှိအချိန်အထိ သေဆုံးသူ ၁၀ ဦး ထက် မနည်း ရှိလာပြီဟု မြေပြင်ဒေသခံများက ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကို အောက်တိုဘာလ ၅ ရက်နေ့၊ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် စတင်ခဲ့ပြီး ဟုမ္မလင်းဘက်မှ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့ကာ ညနေပိုင်းတွင်လည်း ထပ်မံ တိုက်ခိုက်ခဲ့သဖြင့် တစ်ရက်အတွင်း လေးကြိမ်ခန့် ဗုံးကြဲခံခဲ့ရခြင်း ဖြစ်သည်။

တိုက်ခိုက်မှုအတွင်း ရွှေမျှောဖောင်များ မီးလောင်ပျက်စီးခဲ့သလို ရွှေမျှောလုပ်သားများ ထိခိုက်သေဆုံးခဲ့ပြီး ဒဏ်ရာရသူများထဲမှလည်း နောက်ပိုင်းတွင် ထပ်မံသေဆုံးသူများ ရှိနေကြောင်း သိရသည်။

မြေပြင်ဒေသခံတစ်ဦးက “အခုလက်ရှိအချိန်ထိတော့ သေဆုံးသူဟာ ၁၀ ဦးထက်မနည်း သေဆုံးသွားပြီလို့ သိရတယ်။ ဒဏ်ရာရတဲ့သူတွေထဲကကို နောက်ထပ် ထပ်ပြီးတော့ သေဆုံးနေတာ။ ဖောင်တွေပေါ်မှာလည်း အလောင်းတွေ မရသေးတာတွေ ရှိသေးတယ်လို့ သိရတယ်” ဟု ပြောသည်။

အောက်တိုဘာ ၆ ရက်နေ့၊ နံနက်ပိုင်းအထိ ရရှိထားသည့် အချက်အလက်များအရ လေကြောင်းတိုက်ခိုက်မှု ကြောင့် တန်ဖိုး ကျပ်သိန်း ၂,၀၀၀ ဝန်းကျင်ရှိ ရွှေမျှောဖောင် ၉ ဖောင်ခန့် မီးလောင်ပျက်စီးခဲ့ရသည်။

“ရွှေမျှောဖောင်က ၉ ဖောင်လောက် ပျက်စီးသွားတယ်လို့ သိရတယ်။ မီးလောင်ပြီး ပျက်စီးသွားတာပေါ့ဗျာ။ ရွှေမျှောဖောင်ရဲ့ တန်ကြေးက သိန်း ၂,၀၀၀ ဝန်းကျင်လောက် တန်ဖိုးရှိတယ်ဗျ” ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။

သဖန်းဆိပ်ဆည်အတွင်း ရွှေမျှောလုပ်ကိုင်နေသူများထဲတွင် ကောလင်း၊ ကျွန်းလှနှင့် ကန့်ဘလူဒေသများမှ စစ်ဘေးရှောင်များ အများအပြား ပါဝင်နေပြီး စားဝတ်နေရေးအတွက် လာရောက်လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

အခြား ဒေသခံတစ်ဦးကလည်း “ရွှေဖောင်လုပ်သားတွေပါဗျာ။ စစ်ရှောင်တွေက များတာပေါ့ဗျာ။ ဒီနား ကော လင်း၊ ကျွန်းလှ၊ ကန့်ဘလူ အဲ့ဒေသကလူတွေ များတာပေါ့။ အရှင်းဆုံးပြောရင် လုပ်စားစရာမရှိတော့ ရှိတဲ့ဟာ လုပ်စားကြတာပေါ့” ဟု ပြောသည်။

သဖန်းဆိပ်ဆည်အတွင်း ရွှေမျှောလုပ်ငန်းနေရာများကို စစ်အုပ်စုတပ်က လေကြောင်းမှ တိုက်ခိုက်မှုမှာ ယခုနှစ် အတွင်း အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လ ၁၅ ရက်တို့တွင်လည်း တိုက် လေယာဉ်များဖြင့် ဆက်တိုက် တိုက်ခိုက်ခဲ့သဖြင့် လူ ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ဖူးသည်။

လက်ရှိ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရသူ အရေအတွက်နှင့် ပျက်စီးဆုံးရှုံးမှု အတိအကျကို သီးခြား အတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်ပြီး အလောင်းအချို့ကိုလည်း ဆက်လက် ရှာဖွေလျက်ရှိသည်။