ကျောက်ဖြူနှင့် ရမ်းဗြဲကြားရှိ ကုန်သွယ်လမ်းကြောင်းများကို စစ်တပ် ထိန်းချုပ်ရန် ကြိုးပမ်းနေ

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်။ 

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်နှင့် ရမ်းဗြဲမြို့နယ်အကြားရှိ ရေနှင့် ကုန်း ကုန်သွယ်လမ်းကြောင်း များကို စစ်တပ်က ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ဒေသတွင်း စစ်ရေး သတင်းအရင်းအမြစ်များက ပြောသည်။

စစ်တပ်သည် ရမ်းဗြဲနှင့် ကျောက်ဖြူနယ်စပ်ရှိ ရေကြောင်းကုန်သွယ်ရေးအရ အချက်အချာကျသည့် သံဇစ်မြစ် နှင့် မင်းကြောင်းချောင်း အနီးတဝိုက်ကို ထိန်းချုပ်ရန် ကြိုးစားနေသကဲ့သို့၊ ကျောက်ဖြူမြို့နယ်နှင့် ရမ်းဗြဲမြို့ နယ်အကြားရှိ ကားလမ်းကိုလည်း စိုးမိုးနိုင်ရန် လုပ်ဆောင်လာနေခြင်း ဖြစ်သည်။

ရမ်းဗြဲမြို့ ကုန်သွယ်ရေးနှင့် စစ်ရေးစောင့်ကြည့်သူ သတင်းအရင်းအမြစ်က အခုအခြေအနေက ရခိုင်မှာ ရမ်းဗြဲ မြို့ ဗဟိုပြု ကုန်သွယ်ရေးတွေဟာ အဓိကကျနေတာ စစ်တပ်ကသိတယ်၊ ရမ်းဗြဲကတဆင့် ရခိုင်တောင်ပိုင်း သံတွဲ၊ တောင်ကုတ်၊ ဂွအထိ ကုန်သွယ်ရေးဟာ ကုန်းလမ်းရော ရေလမ်းရော ပျောက်တယ်။ ရမ်းဗြဲကတဆင့် ကျောက်ဖြူအထိ ရေလမ်းကုန်သွယ်ရေးကို စစ်တပ်မထိန်းနိုင်ဘူး၊ ဒါကြောင့် ကျောက်ဖြူရမ်းဗြဲကြားက ရေလမ်းတွေကိုလည်း ဗုံးကြဲတာတွေ လုပ်လာတာ ဟု ပြောသည်။

လက်ရှိတွင် ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်စပ်ရှိ ကျေးရွာများကို စစ်တပ်က ထိန်းချုပ်ရန် ကြိုးပမ်းနေပြီး၊ လေကြောင်း တိုက်ခိုက်မှုများကြောင့် စံပါယ်ရှောင်၊ မျှောချောင်း၊ ဒွေးချ၊ တောင်မှော်၊ အလယ်ဒွီန်၊ အနောက် ထိန်ဒွေနှင့် အရှေ့ထိန်ဒွေ အစရှိသည့် ကျေးရွာများမှ ဒေသခံများသည် ရမ်းဗြဲနှင့် တောင်ကုတ်မြို့များဘက်သို့ တိမ်းရှောင်နေကြရသည်။

ထို့အတူ အဆိုပါ ရေလမ်း ကုန်သွယ်ရေးဇုန်ကို ထိန်းချုပ်နိုင်ရေးအတွက် လေကြောင်းအပြင် ရေကြောင်းပါ အင်အားသုံးရန် ပြင်ဆင်လာနေပြီး၊ ကျောက်ဖြူအခြေစိုက် တောင်မော်ဦး ရေတပ်စခန်းတွင် စစ်အင်အားများ ထပ်မံဖြည့်တင်းကာ အဝတောင်အထိုင်စခန်းမှ အင်အားများနှင့် ပူးပေါင်း၍ စစ်ကြောင်းထိုးလျက်ရှိသည်ဟု ဆိုသည်။ 

အလားတူ စစ်တပ်သည် ကျောက်ဖြူနှင့် ရမ်းဗြဲအကြား ကားလမ်းကို စိုးမိုးနိုင်ရန်အတွက် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် စနဲမြို့ကို သိမ်းပိုက်ရရှိရေး အပြင်းအထန် ကြိုးပမ်းလျက်ရှိသည်။ 

ပြီးခဲ့သည့် မေလအတွင်း စစ်တပ်၏ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စနဲမြို့အနီးရှိ ကျေးရွာပေါင်း ၂၀ ဝန်း ကျင်မှ နေအိမ်များ ပျက်စီးခဲ့ရသည့်အပြင်၊ ပေါက်ပြင်နှင့် ရွာသစ်ကေကျေးရွာအတွင်း အရပ်သား ထိခိုက် သေဆုံးမှုများလည်း ရှိခဲ့သည်။

လက်ရှိတွင် ကျောက်ဖြူမြို့နယ်ရှိ တောင်မော်ဦး ရေတပ်စခန်း ပတ်ဝန်းကျင်၌ စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး၊ တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၈,၀၀၀ ခန့်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။