ရွှေကူတွင် အရပ်သားများကို ထောက်ပို့ဟုစွပ်စွဲကာ စစ်တပ် သတ်ဖြတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်။
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်းသို့ စစ်မျက်နှာခွဲ၍ ထိုးစစ်ဆင်လာသည့် စစ်တပ် စစ်ကြောင်းသည် ကျေးရွာ များအတွင်းရှိ အရပ်သားပြည်သူများကို ‘ထောက်ပို့လုပ်သည်’ ဟု စွပ်စွဲကာ ဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန် နေကြောင်း ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။
ရွှေကူမြို့နယ်အတွင်းသို့ ဇွန်လ ၆ ရက်နေ့မှစ၍ မြေပြင်စစ်မျက်နှာလေးခုခွဲကာ ထိုးစစ်ဆင်လာသည့် စစ်တပ် စစ်ကြောင်းသည် ဇွန်လ ၁၃ ရက်နေ့တွင် ရွှေဘုန်းမြင့်ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ အရပ်သားများကို ‘ထောက်ပို့လုပ်သည်’ ဟု စွပ်စွဲ၍ ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။
ထိုသို့ စစ်ကြောင်းဝင်ရောက်ပြီးနောက် ရွှေဘုန်းမြင့်ကျေးရွာအတွင်း သတ်ဖြတ်ခံရသူ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားလေးဦး အပါအဝင် အနီးဝန်းကျင်ရှိ ကိုင်းကျေးရွာနှင့် ကျေးရွာနှစ်ရွာပေါင်း၌ အရပ်သားရုပ်အလောင်း စုစုပေါင်း ၈ လောင်းထက်မနည်း ရှာဖွေတွေ့ရှိထားကြောင်း မြေပြင်သတင်းများက ဆိုသည်။
မြေပြင် သတင်းရင်းမြစ်က “ဘာမှမဆိုင်တဲ့ သာမန်ရွာသားတွေကိုလည်း ထောက်ပို့ဆိုပြီး စွပ်စွဲပြီး သတ်ပစ်ခဲ့ ကြတာ။ အခုတွေ့တဲ့ထဲမှာ အမျိုးသမီးအလောင်းလည်း ပါတယ်။ ရွာအဝင်မှာ တွေ့တာပေါ့နော်။ ရွာထဲမှာ လည်း ကျနော်တို့က အကြာကြီးနေလို့မရဘူး။ ဝင်ပြီး ကြည့်ပြီး ပြန်ထွက်ပေါ့ဗျာ။ ရွာအဝင်မှာလည်း တွေ့ တယ်။ ရွာထဲမှာလည်း ထပ်တွေ့ပေါ့ဗျာ” ဟု ပြောသည်။
လက်ရှိတွင် ရွှေကူမြို့နယ်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များ ထိန်းချုပ်ထား သည့် ကျေးရွာများဘက်သို့ စစ်တပ်က စစ်မျက်နှာလေးခုခွဲကာ အပြင်းအထန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
အထူးသဖြင့် အထက်လေးလမ်းဆုံ၊ တော်လှန်၊ ပန်းတင်နှင့် ငါးဘတ်ကြီးကျေးရွာများဘက်တွင် ဇွန်လ ၁၁ ရက်နေ့မှစ၍ တိုက်ပွဲများ နေ့စဉ်ပြင်းထန်နေပြီး၊ စစ်တပ်က မြေပြင်ထိုးစစ်အပြင် ရွှေကူတပ်တွင်းနှင့် ငါးဘတ် ကြီးကုန်း ရွာနှစ်နေရာမှ နေ၍ လက်နက်ကြီးများဖြင့် စဉ်ဆက်မပြတ် ပစ်ကူပေးနေသည်။
ရွှေကူမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “တိုက်ပွဲကတော့ တစ်ရက်မှမနားတမ်း တောက်လျှောက်ဖြစ်နေ တာဗျ။ အဓိက အထက်လေးလမ်းဆုံမှာ အကြီးအကျယ်ဖြစ်နေတယ်။ စစ်ကောင်စီဘက်ကတော့ မြေပြင် က တက်မလာနိုင်ရင် လေယာဉ်ခေါ်ပြီး ရွာတွေကို ဗုံးကြဲတော့တာပဲ။ သူတို့က မြေပြင်ထိုးစစ်ရော လက်နက် ကြီးတွေရော အစုံပဲ ပစ်နေလို့ ရွာတွေထဲက အိမ်တွေလည်း ပျက်စီးကုန်ပြီ” ဟု ပြောသည်။
အဆိုပါ စစ်တပ် စစ်ကြောင်းများသည် ရွှေကူအခြေစိုက် ခ.လ.ရ (၅၆) တပ်မှ စစ်သားများနှင့် ဇွန်လ ၆ ရက်နေ့ ကတည်းက တကောင်း၊ ထီးချိုင့်ဘက်မှတစ်ဆင့် စစ်အင်အားရာနဲ့ချီကာ ဝင်ရောက်လာသည့် တပ်ဖွဲ့များ ဖြစ်ကြ သည်။
လက်ရှိတွင် ရွှေကူ-ငအိုး ကားလမ်းပိုင်းကို ထိန်းချုပ်ထားနိုင်ရေးအတွက် အာရက္ခတပ်တော် (AA) ကလည်း နောပင်ကြီးလမ်းခွဲမှ ငအိုးဘက်အထိ စစ်ကြောင်းထိုး လှုပ်ရှားလျက်ရှိသည်။
တစ်ပြိုင်နက်တည်းမှာပင် ရွှေကူမြို့နယ်နှင့် ရှမ်းပြည် မြောက်ပိုင်း မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြား၌ ဇွန်လ ၁၅ ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်မှ ၂၀ ခန့် သေဆုံးကာ စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်း အချို့ကိုပါ ကချင်ပူးပေါင်းတပ်များက သိမ်းဆည်းရမိခဲ့သည်။
စစ်တပ်သည် ၎င်းတို့၏ အမာခံ ဗန်းမော်မြို့ မကျစေရေးအတွက် ငါးအိုးဒေသဘက်မှတစ်ဆင့် ရွှေကူသို့ စစ်ကူ နှင့် ရိက္ခာများ ဖြည့်တင်းရန် မြေပြင်ယာဉ်တန်းများဖြင့် ကြိုးပမ်းနေခြင်းဖြစ်ပြီး၊ လမ်းပိုင်းတစ်လျှောက်တွင် KIA၊ PDF ပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် စစ်တပ်ဘက်က အထိနာကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကိုပါ လုပ်ဆောင်နေခြင်း ဖြစ်သည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အနေဖြင့် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ကတည်းက စတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ယခုအခါ တိုက်ပွဲကာလ တစ်နှစ်ခွဲကျော်ကြာမြင့်လာချိန်တွင် စစ်တပ်က ဗန်းမော်မြို့သို့ မြေပြင်လမ်းကြောင်းမှတစ်ဆင့် စစ်အင်အားဖြည့်တင်းရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။
ဒေသတွင်း ကာကွယ်ရေးအဖွဲ့များကမူ ရွှေကူမြို့ အနီးဝန်းကျင် ကျေးရွာများတွင် တိုက်ပွဲများ ဆက်လက် ပြင်း ထန်နိုင်သဖြင့် ပြည်သူများအနေဖြင့် စစ်ရေးသတိအပြတ်ရှိကြရန်နှင့် လေကြောင်း၊ လက်နက်ကြီး အန္တရာယ် များကို အထူးဂရုစိုက်ကြရန် သတိပေး နှိုးဆော်ထားသည်။
ဓါတ်ပုံ – ရွှေကူစစ်ရှောင်များ