တရုတ်-မြန်မာအကြား သဘောတူညီချက် ၁၈ ချက် သဘောတူ လက်မှတ်ရေးထိုး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်။
မြန်မာစစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်တို့သည် ဇွန်လ ၁၆ ရက်နေ့က ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက် ၁၈ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း စစ်အုပ်စုက ထုတ်ပြန်ကြေညာသည်။
ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ပြီးနောက် နှစ်နိုင်ငံအရေးကိစ္စများကို တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
စစ်အုပ်စု၏ ထုတ်ပြန်ချက်အရ လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်များတွင် လုံခြုံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ နည်းပညာ၊ မီဒီယာကဏ္ဍနှင့် အားကစားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပါဝင်သည်ဟု ဆိုသည်။
စစ်အုပ်စု ခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် ယခု နိုင်ငံတော်အဆင့်ခရီးစဉ်အတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ စစ်အုပ်စုခန့် ဝန်ကြီးချုပ်များသာမက ကဏ္ဍအသီးသီးမှ ထိပ်သီး ခရိုနီ စီးပွားရေးလုပ်ငန်းရှင်များကိုပါ ခေါ်ဆောင်သွားခဲ့သည်။
အဆိုပါ သဘောတူညီချက်များအနက် စီးပွားရေးကဏ္ဍတွင် ငှက်ပျော၊ ရေထွက်ပစ္စည်းနှင့် တရုတ်တိုင်းရင်းဆေးဖက်ဝင်အပင်များ တင်ပို့ခွင့်ဆိုင်ရာ ကိစ္စရပ်များ ပါဝင်သကဲ့သို့ ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားကွင်း ပြန်လည်တည်ဆောက်ရေးနှင့် ဆက်စပ်သည့် ပူးပေါင်းဆောင်ရွက်မှုလည်း ပါဝင်ကြောင်း ဖော်ပြထားသည်။
တရုတ်အစိုးရဘက်ကမူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယခုခရီးစဉ်သည် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေမည့် ခရီးစဉ်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
ထို့ပြင် တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနနှင့် မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနတို့ အကြားတွင်လည်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ထားသည်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ Belt and Road အဓိကစီမံကိန်းများအား ဘေးကင်းလုံ ခြုံရေး အာမခံချက်ပေးရန်နှင့် စီမံကိန်းတည်ဆောက်မှုများကို တည်တည်ငြိမ်ငြိမ် မြှင့်တင်သွားရန် တရုတ်သမ္မတက တောင်းဆိုသည်ဟု ဆင်ဟွာ သတင်းတွင် ဖော်ပြသည်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံသည် ထိပ်တန်းစီမံကိန်းဖြစ်သဖြင့်၊ နှစ်နိုင်ငံလုံးအနေဖြင့် ဘေးကင်းလုံ ခြုံ ရေးကို အာမခံချက်ပေးသည့် အခြေခံပေါ်တွင် အဓိကစီမံကိန်းများ တည်ဆောက်မှုကို တည်တည်ငြိမ်ငြိမ် မြှင့်တင်သွားရန် လိုအပ်သည်ဟု တရုတ် သမ္မတက ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် ပြည်သူတို့၏ လူနေမှုဘဝ မြှင့်တင်ရေးကို ပံ့ပိုးပေးရမည်ဟု သူက ဆက်လက် ပြောဆိုသည်။
ထို့ပြင် အွန်လိုင်းလောင်းကစားမှု၊ ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ကုန်သွယ်မှု အပါအဝင် ရာဇဝတ်မှုများကို ဆက်လက်နှိမ်နင်းသွားရန်နှင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုး စီးပွားနှင့် လုံခြုံရေးကို အပြည့်အဝ ကာကွယ်စောင့်ရှောက်သွားရန် လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ရေရှည်တည်ငြိမ်အေးချမ်းမှု ရရှိစေရန် တရုတ်နိုင်ငံက ထောက်ခံကြောင်း ပြောကြားခဲ့သည်။
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်က မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန်၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံကို ပူးတွဲတည်ဆောက်ရန်နှင့် ကုန်သွယ်မှု၊ ရင်းနှီး မြှုပ်နှံမှုများကို မြှင့်တင်ရန် မျှော်လင့်ထားကြောင်း၊ တရုတ် တစ်နိုင်ငံတည်း မူဝါဒကို စွဲကိုင်ထားကြောင်း တရုတ်သမ္မတအား ပြောကြားခဲ့သည်။