သေဆုံးသွားသော နိုင်ကျဉ်း အလောင်းအား မိသားစုထံပြန်မပေး 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက်။ 

အကျဉ်းထောင်အတွင်း သေဆုံးသွားသည့် နိုင်ငံရေးအကျဉ်းသူ တစ်ဦး၏ ရုပ်အလောင်းအား မိသားစုထံ ပြန် လည်ပေးအပ်ခြင်း မရှိခြင်းသည် အကျဉ်းသားအခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာကို အဆုံးစွန်ထိ စော်ကားခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ရှုတ်ချလိုက်သည်။ 

စစ်ကိုင်းတိုင်း၊ တန့်ဆည်အချုပ်ထောင်တွင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသူ မသက်သက်မာ သည် ဆေးဝါးကုသခွင့် ပိတ်ပင်ခံရမှုကြောင့် ကျဆုံးသွားခဲ့ရပြီး၊ ၎င်း၏ရုပ်အလောင်းကိုပင် မိသားစုထံ ပြန်မပေး ဘဲ အာဏာပိုင်များက အတင်းအဓမ္မ သင်္ဂြိုဟ်လိုက်ခြင်းအပေါ် PPNM က ယခုကဲ့သို့ တုံ့ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အသက် ၅၄ နှစ်အရွယ်ရှိ မသက်သက်မာသည် သွေးလေးဘက်နာရောဂါကို ပြင်းထန်စွာ ခံစားနေရသူ ဖြစ်သော် လည်း ပြင်ပဆေးရုံတွင် ကုသခွင့်တောင်းခံမှုကို အာဏာပိုင်များက ပိတ်ပင်ခဲ့ခြင်းကြောင့် ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့တွင် ကျဆုံးသွားခဲ့ရခြင်းဖြစ်သည်။ 

၎င်းသည် ရွှေဘိုခရိုင် ထောက်ပို့တာဝန်ခံ စာရေးဆရာ ရန်ငြိမ်းသူ၏ ဇနီးဖြစ်ပြီး ဓားစာခံအဖြစ် မတရားဖမ်းဆီး ခံခဲ့ရကာ ထောင်ဒဏ် ၂၀ နှစ် အမိန့်ချမှတ်ခံထားရသူလည်း ဖြစ်သည်။

PPNM ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက မသက်သက်မာဟာ အဖမ်းမခံရခင် ကတည်းက သွေးလေး ဘက်နာကို ကုသနေရတဲ့ သူဖြစ်ပါတယ်။ အချုပ်ကာလမှာ ဆေးဝါးတွေကို ရဲစခန်းမှူး ဆီကနေမှတစ်ဆင့် ဝယ် ယူသောက်သုံး နေရပါတယ်။ ရောဂါ ပြင်းထန်လာတဲ့အချိန်မှာ ပြင်ပဆေးရုံကို ကုသခွင့် တောင်းဆိုခဲ့ပေမဲ့ ပိတ်ပင်ခံထား ခဲ့ရပါတယ်။ ဒါကြောင့်မို့လို့ မသေဆုံးသင့်ဘဲ သေဆုံး ခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူတစ်ဦး ဖြစ်ပါ တယ် ဟု ပြောသည်။

မသက်သက်မာ ဆုံးပါးသွားခဲ့သည့် မတ်လ ၂၇ ရက်နေ့တွင် မိသားစုထံ အကြောင်းကြားခဲ့သော်လည်း ရုပ်အလောင်းကို နောက်ဆုံးခရီး ပို့ဆောင်ခွင့်ပင် မပေးဘဲ အာဏာပိုင်များက အလျင်အမြန် စီစဉ်ခဲ့ကြောင်း ဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မရောင်နီလင်းက အရေးပေါ် စီမံချက်အရ အမြန် သင်္ဂြိုဟ်ရမယ်ဆိုတဲ့ အကြောင်းပြ ချက်ကို သုံးပြီးတော့ မိသားစုကို အလောင်း ပြန်ပေးတာမျိုးလည်း မရှိပါဘူး။ ဘယ်လိုပုံစံနဲ့ သင်္ဂြိုဟ်လိုက် တယ် ဆိုတာလည်း မသိရပါဘူး။ နောက်ဆုံးခရီး ပို့ဆောင်ခွင့်ကိုလည်း မရရှိခဲ့ပါဘူးရှင့် ဟု ဆက် ပြောသည်။

အကျဉ်းထောင်များသည် အကျဉ်းဆိုင်ရာ နိုင်ငံတကာစံနှုန်းများကို လိုက်နာကျင့်သုံးရန် လိုအပ်ပြီး အကျဉ်း ထောင် အတွင်း သေဆုံးမှုများအတွက် လွတ်လပ်စွာ စုံစမ်းစစ်ဆေးခွင့်၊ မိသားစုဝင်များနှင့် ဆက်သွယ်ခွင့်၊ ရုပ် အလောင်းအား ပြန်လည်လက်ခံပိုင်ခွင့်နှင့် ဘာသာရေးအရ နောက်ဆုံးခရီးအား ဆောင်ရွက်ခွင့် ရှိရမည်ဖြစ် ကြောင်း PPNM က ထောက်ပြထားသည်။

ထို့ပြင် ယခုကဲ့သို့ ဆေးဝါးကုသခွင့် ပိတ်ပင်မှုကြောင့် အကျဉ်းသားများ မသေဆုံးသင့်ဘဲ သေဆုံးခဲ့ရသည့် ဖြစ်စဉ်အပေါ် သက်ဆိုင်ရာ အာဏာပိုင်များ အနေဖြင့် တာဝန်ယူ၊ တာဝန်ခံရမည် ဖြစ်သည်ဟု ဆိုသည်။ 

PPNM အနေဖြင့် အကျဉ်းသား အခွင့်အရေး ချိုးဖောက်မှုများ၊ ဆေးကုသခွင့် ပိတ်ပင်မှုများနှင့် ဓားစာခံအဖြစ် ဖမ်းဆီးမှုများကို ပြင်းထန်စွာ ရှုတ်ချပြီး တရားမျှတမှု ရရှိစေရန်နှင့် ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများ၏ အသက်ဘေးကင်းလုံခြုံရေးအတွက် နိုင်ငံတကာမှ အလေးထား စောင့်ကြည့်ပေးရန် တောင်းဆိုထားသည်။