အီရန်စစ်ပွဲ တင်းမာမှုများ ဆက်လက်မြင့်တက်၊ သမ္မတ ထရန့် ၄၈ နာရီ ရာဇသံထပ်ပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက်။
အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် ဆင်နွှဲနေသော စစ်ပွဲသည် ၃၇ ရက်မြောက်နေ့သို့ ရောက်ရှိလာခဲ့ပြီး စစ်ရေးတင်းမာမှုများ အရှိန်မြင့်တက်လျက်ရှိသည်။
ပြီးခဲ့သည့်သောကြာနေ့က အီရန်လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များ၏ ပစ်ချခြင်းကို ခံခဲ့ရသော အမေရိကန် F-15E တိုက်လေယာဉ်ပေါ်မှ ပျောက်ဆုံးနေသည့် ဗိုလ်မှူးကြီးအဆင့်ရှိ လေသူရဲကို ပြင်းထန်သော တိုက်ပွဲများအတွင်းမှ အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က အတည်ပြုပြောကြားခဲ့သည်။
၎င်းက အဆိုပါကယ်ဆယ်ရေးစစ်ဆင်ရေးသည် အမေရိကန်သမိုင်းတွင် အလွန်ရဲရင့်သော စစ်ဆင်ရေးတစ်ခုဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့သည်။
အခြားတစ်ဖက်တွင်လည်း သမ္မတထရမ့်က ကမ္ဘာ့ရေနံစီးဆင်းမှု၏ ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ၄၈ နာရီအတွင်း ပြန်လည်ဖွင့်လှစ်ပေးရန် အီရန်အစိုးရထံ ရာဇသံပေးလိုက်သည်။
သို့ရာတွင် အီရန်စစ်ဘက်ဗဟိုဌာနချုပ်က အဆိုပါခြိမ်းခြောက်မှုကို “မတည်ငြိမ်သည့် လုပ်ရပ်” ဟု တုံ့ပြန်ခဲ့ပြီး ဂရုမစိုက်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်နိုင်ငံ၊ မာရှာ (Mahshahr) ရေနံဓာတုဗေဒဇုန်တွင် လူ ၅ ဦး သေဆုံးကာ ၁၇၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
အီရန်နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်ပေါင်း ၃၀ ကျော် တိုက်ခိုက်ခံခဲ့ရပြီး၊ ရုရှားအစိုးရက ဘူရှေး (Bushehr) နူကလီးယားစက်ရုံမှ ၎င်းတို့၏ ဝန်ထမ်း ၂၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။
အီရန်ဘက်မှလည်း ဒရုန်းများဖြင့် ပြန်လည်တုံ့ပြန်ရာ ကူဝိတ်၊ ဘာရိန်းနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) တို့ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် ရေနံသိုလှောင်ရုံများ ထိခိုက်ပျက်စီးခဲ့သည်။
အီရန်၊ ဟူသီနှင့် ဟစ်ဇ်ဘိုလာ ပူးပေါင်းတပ်ဖွဲ့များသည် အစ္စရေးနိုင်ငံအတွင်းရှိ လေဆိပ်နှင့် စစ်ဘက်ဆိုင်ရာနေရာများကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သဖြင့် ဂျေရုဆလင်နှင့် တဲလ်အဗစ်မြို့များတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။
ယခုစစ်ပွဲကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ကျော်အထိ မြင့်တက်သွားခဲ့ပြီး အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီသည် စွမ်းအင်အခက်အခဲအတွက် ဆော်ဒီအာရေးဗီးယားနှင့် ကာတာနိုင်ငံများသို့ သွားရောက်ညှိနှိုင်းလျက် ရှိသည်။