ဧရာဝတီတိုင်းတွင် လွှတ်တော် ကျင်းပရန် ဘတ်ဂျက် မရှိသေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ် မတ်လ ၁၅ ရက်။
စစ်ကော်မရှင်၏ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲအပြီး တိုင်းဒေသကြီးလွှတ်တော် ခေါ်ယူရန် ရက်ပိုင်းသာ လိုတော့ သော်လည်း ဘတ်ဂျက်ချထားပေးခြင်း မရှိသဖြင့် ဧရာဝတီတိုင်းရှိ စီးပွားရေးလုပ်ငန်းရှင်များထံမှ လိုက်လံ အလှူခံနေရကြောင်း လွှတ်တော်ဝန်ထမ်း မိသားစုများနှင့် နီးစပ်သူက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကို လာမည့် မတ်လ ၂၀ ရက်နေ့တွင် စတင်ကျင်းပရန် လျာထားသော်လည်း လွှတ်တော်ကိုယ်စားလှယ်များကို ဧည့်ခံကျွေးမွေးရန်အတွက် တိုင်းအစိုးရထံမှ ရန်ပုံငွေ ချပေးလာခြင်း မရှိသေးပေ။
ထို့ကြောင့် လွှတ်တော်ဝန်ထမ်းအသိုင်းအဝိုင်းက စီးပွားရေးလုပ်ငန်းရှင်များထံ ချဉ်းကပ်ကာ အလှူငွေ ရှာဖွေနေရခြင်း ဖြစ်သည်ဟု ဆိုသည်။
ဒေသခံ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက “အစိုးရကငွေချမပေးဘူး စစ်တပ်က လာကြတာဆိုတော့လည်း တပ်ထုံးစံ ရေးဗူးပေါက်တာ မလိုချင်ဘူး ရေပါဖို့ပဲလေ အောက်ကလူတွေကလည်း ငွေရနိုင်မယ့်သူတွေဆီကပဲ အလှုခံပါတယ်ဆိုပြီး အေးဓမြတိုက်ကြတော့တာပေါ့” ဟု ပြောသည်။
လွှတ်တော်အစည်းအဝေး တက်ရောက်မည့် ကိုယ်စားလှယ် စုစုပေါင်း ၇၅ ဦး ရှိမည်ဖြစ်ပြီး တစ်ဦးလျှင် တစ်နေ့ ထမင်းသုံးနပ်နှင့် လက်ဖက်ရည် နှစ်ကြိမ် ကျွေးမွေးရမည်ဖြစ်သည်။
လွှတ်တော်ဝန်ထမ်းများနှင့် နီးစပ်သူတစ်ဦးက “တယောက်ကို တနေ့အတွက် ၆၀၀၀ ကျပ်နဲ့ပဲ အနည်းဆုံးထား ပြီး တွက်ဦး တနေ့ ၄၅၀,၀၀၀ ကျပ် ကုန်မယ်။ ဒါက အကုန်လျော့ချပြီးတော့ တွက်ထားတာနော်။ တစ်ပတ်စာ ကျွေးမွေးရမှာ” ဟု ပြောသည်။
လက်ရှိတွင် တစ်နေ့လျှင် ဆန် ၂၄ ပြည်ဝင် တစ်အိတ်ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး အလှူရှင်တစ်ဦးထံမှ ဆန် ၄ အိတ် ရရှိထားပြီဖြစ်ကြောင်း ဝန်ထမ်းအချို့က ပြောသည်။
သို့သော် အစိုးရအဖွဲ့က ဘတ်ဂျက်မသုံးဘဲ လုပ်ငန်းရှင်များထံမှ အလှူခံသည့် လုပ်ရပ်သည် အဂတိလိုက်စားမှု ကို ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်နေကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေသည်။
ပုသိမ်မြို့မှ လုပ်ငန်းရှင်ကြီး တစ်ဦးက “စီးပွားရေးသမားတွေကတော့ အာဏာရှိတဲ့ အုပ်ချုပ်သူတွေနဲ့ မကင်းနိုင် တော့ အလှူငွေဆိုတာနဲ့ ထည့်ပေးကြရတာပဲ ဘယ်လက်က တဆုပ်ပေးလိုက်ရရင် ညာလက်က နှစ်ဆုပ် ပြန်နှိုက် ဖို့ ပြင်ထားပြီးသား။ အဲဒီတော့စဉ်းစားကြည့်ဗျာ အဂတိတွေနဲ့ အပေးအယူတွေ မကင်းတော့ဘူး” ဟု ပြော သည်။
လွှတ်တော်ကျင်းပရန် ကုန်ကျမည့်ငွေ ပမာဏသည် သိန်း ၄၀ နှင့် ၅၀ ကြားသာ ရှိနိုင်သဖြင့် တိုင်းအစိုးရ အနေ ဖြင့် ဂုဏ်သိက္ခာရှိရှိ သုံးစွဲသင့်ကြောင်း ပုသိမ်မြို့နေ ၈၈ မျိုးဆက် နိုင်ငံရေးသမား တစ်ဦးက အကြံပြု သည်။
စစ်ကော်ရှင်၏ ထုတ်ပြန်ချက်အရ မတ်လ ၁၆ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၊ မတ်လ ၁၈ ရက်နေ့တွင် အမျိုးသား လွှတ်တော်နှင့် မတ်လ ၂၀ ရက်တွင် တိုင်းနှင့်ပြည်နယ် လွှတ်တော်များကို အသီးသီး ကျင်းပသွားမည် ဖြစ်သည်။
သို့သော် လွှတ်တော်မစတင်မီကပင် ဘတ်ဂျက် အခက်အခဲကြောင့် အလှူခံနေရသည့် ဖြစ်စဉ်မှာ အုပ်ချုပ်ရေး ယန္တရား၏ အားနည်းချက်ကို ပြသနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုကြသည်။