ဗုံးသီးဟောင်း တစ်လုံးကို စမ်းသပ်စစ်ဆေးရာမှ ဒီးမော့ဆို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၂ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်။
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီး ဗုံးသီးဟောင်းတစ်လုံးကို စမ်းသပ်စစ်ဆေးရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးကာ ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက် နံနက် ၈ နာရီခန့်တွင် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ တဲအိမ်တစ်လုံး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
စစ်ကော်မရှင်တပ်မှ ပစ်ခတ်ထားသော်လည်း မပေါက်ကွဲဘဲ ကျန်ရှိနေသည့် ၆၀ မမ လက်နက်ကြီးကျည်အား ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးက ပြန်လည်အသုံးပြုရန်ရည်ရွယ်၍ စနက်တံဖြုတ်ကြည့်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဒေသတွင်း ခိုလှုံနေထိုင်သည့် စစ်ဘေးရှောင်တစ်ဦးက “ဗုံးသီးက ရှိနေတာ တော်တော်ကြာပြီ။ ဘယ်ကတည်း က ကျထားတာလည်း မသိဘူး။ သူတို့ကလည်း တွေ့တော့ အဟောင်းဆိုပြီး ထင်တာ။ ပြန်သုံးလို့လည်းရအောင် ဖြုတ်ကြည့်မယ်ဆိုပြီး ဖြုတ်လိုက်တာနဲ့ ထကွဲတယ် ပြောတယ်။ ဒဏ်ရာရထားတဲ့တစ်ယောက် အပြောပေါ့။ သူတို့ အသံကြားတာနဲ့ ချက်ချင်းသွားတာပဲ။ ဟိုရောက်တော့ တစ်ယောက်က သေနေပြီ” ဟု ပြောသည်။
ပေါက်ကွဲမှုအတွင်း အသက် ၃၀ ဝန်းကျင်အရွယ်ရှိ အမျိုးသား ၂ ဦး သေဆုံးခဲ့ရပြီး၊ ကျန်ရှိသည့်တစ်ဦးမှာမူ ခြေထောက်တွင် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သဖြင့် အရေးပေါ် ကုသပေးနေရကြောင်း စစ်ရှောင်များက ပြော သည်။
၎င်း၏ ဒဏ်ရာမှာ စိုးရိမ်ရသည့်အခြေအနေရှိနေပြီး အခြေအနေ ပိုမိုဆိုးရွားလာပါက ခြေထောက်ဖြတ်ပစ်ရမည့် အခြေအနေတွင် ရှိနေသည်ဟု နီးစပ်သူများက ပြောဆိုသည်။
နီးစပ်သည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “တစ်ယောက်က ပွဲချင်းပြီးတယ်။ နောက်တစ်ယောက်က ဆေးရုံ မှာ ဆုံးတာ။ ရောက်တာနဲ့ ဘာမှမကြာလိုက်ဘူး။ ဒဏ်ရာပြင်းလို့လား မသိဘူး။ ကုတင်ပေါ်ရောက်တာနဲ့ အသက်ထွက်တာပဲ။ ဘာမှတောင် သူမပြောနိုင်တော့ဘူး” ဟု ပြောသည်။
လက်ရှိတွင် ဒီးမော့ဆိုမြို့နယ်၏ ၉၀ ရာခိုင်နှုန်းခန့်ကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထား သော်လည်း မြို့ပေါ်နေရာအချို့တွင် စစ်ကော်မရှင်တပ်၏ ခလရ ၄၂၇ နှင့် ခလရ ၁၀၂ တပ်ရင်းများက အခိုင်အမာ နေရာယူထားဆဲဖြစ်သည်။
စစ်ကော်မရှင်တပ်သည် ပြီးခဲ့သည့် ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲကာလများအတွင်း ဒီးမော့ဆိုမြို့နယ် အား အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ရန် လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကို အဆက်မပြတ် ပြုလုပ်ခဲ့သည်။
ယခု ရွေးကောက်ပွဲအပြီးကာလတွင်လည်း မြေပြင်ထိုးစစ်များကို ယခင်ထက် ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာနေ သဖြင့် မြေပြင်တွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည် အကြွင်းအကျန်များမှာ ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့ဝင်များ အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေဟု ဆိုကြသည်။