ငြိမ်းချမ်းရေးကော်မရှင်နှင့် KNU တွေ့ဆုံ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့။
အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC နှင့် ကရင်အမျိုးသား အစည်းအရုံး KNU ခေါင်းဆောင်များသည် ယနေ့ နံနက် ၁၀ နာရီတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Kham Mon Lanna Resort တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
နှစ်ဖက်တွေ့ဆုံပွဲတွင် ငြိမ်းချမ်းရေး ရှေ့ဆက်နိုင်ရေးအတွက် ကရင်အမျိုးသား အစည်းအရုံး KNU မှ အဆိုပြုထားသည့် ကိစ္စ၊ JICM အစည်းအဝေး ကျင်းပနိုင်ရေး ကိစ္စ၊ ၂၁ ရာစုပင်လုံ (ခေါ်) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပနိုင်ရေး ကိစ္စ နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ် ကိစ္စ ရပ်များ ဆွေးနွေးမည်ဟု သိရသည်။
အစည်းအဝေးတွင် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC အဖွဲ့မှ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ( အငြိမ်းစား) မှ ဦးဆောင်၍ ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဝင် ဦးဇော်ဌေး၊ ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦး၊ ဦးကျော်လင်းဦး တို့ တက်ရောက်ဆွေးနွေးခဲ့သည်။
ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့မှ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး ဦးဆောင်၍ ဗိုလ်မှူး တူးတူးလေး၊ ပဒိုစောတောနီး၊ ပဒိုစောဆဲလ်ဂေ၊ ပဒိုစောတာမူလာ၊ နော်မေဦး၊ တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရန် အစိုးရမှ အဆိုပြုထာ းသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆိုပြုချက် ၄ ရပ် ဖြစ်သော NCA အကောင်အထည်ဖော်မှု ဆိုင်ရာ ကိစ္စ ရပ်များ၊ ၂၀၂၀ မတိုင်ခင် နှင့် ၂၀၂၀ ပြီးနောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကိစ္စ ရပ်များ၊ ဒီမိုကရေစီ နှင့် ဖက်ဒရယ်အခြေခံမူရေးဆွဲရေး ကိစ္စ ရပ်များ နှင့် NCA ထိုးပြီးနောက်ပိုင်း ကြားကာလ ဆိုင်ရာ ကိစ္စ ရပ်များ ကို ဇူလိုင်လ ၁၃ ရက်နေ့က အဆိုပြုခဲ့သည်။
သို့သော် ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့အနေဖြင့် ထိုအဆိုပြုချက်များထဲမှ ပြင်ဆင်လိုသည့် အချက်များအား အစိုးရထံ ပြန်လည်ပြင်ဆင်ပေးပို့ခဲ့ပြီး နှစ်ဖက် သဘောတူညီမှု မရရှိနိုင်သေးပါက JICM အစည်းအဝေး ကျင်းပရန် အဆင်သင့် မဖြစ်သေးဟု ဆို၍ တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ စတင်ကျင်းပနိုင်ရန် ရပ်တန့်နေခဲ့ခြင်း ဖြစ်သည်။