တနင်္သာရီတွင် တိုက်ပွဲဖြစ် အနည်းဆုံး စစ်ကောင်စီ ၅ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်။
တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာအုပ်စု၊ ထိန်ချောင်းဝရွာအနီး နယ်မြေရှင်းလင်းရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် PDF တပ်ဖွဲ့ တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်က ၅ ဦးထက်မနည်း သေဆုံးခဲ့ကာ ယနေ့အချိန်ထိ စစ်ရေးတင်းမာနေသည်ဟု ဒေသခံများက ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၎င်းတို့နှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့သည့် ပျူစောထီး အဖွဲ့ဝင် ၂ ဦးလည်း သေဆုံးကာ တစ်ဦးပြင်းထန်ဒဏ်ရာ ရရှိသွားခဲ့သည်ဟု သိရသည်။
နှစ်ဘက်ကြားတိုက်ပွဲမှာ စက်တင်ဘာလ ၄ ရက်နေ့၊ နံနက် ၁၁ နာရီခန့်မှ ညနေ ၅ နာရီအထိ အချိန် ၆ နာရီခန့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။
အလားတူ စစ်တပ်က စက်တင်ဘာလ ၃ ရက်နေ့၊ ညနေပိုင်းတွင်လည်း လယ်သစ်ကျေးရွာ အနောက်ကမ်းသို့ ရောက်ရှိလာပြီးနောက် လယ်သစ်အရှေ့ကမ်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ရွာသားများ ဘေးလွတ်ရာ တောတောင် ဥယျာဉ်များထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ပြီးခဲ့သည့် လများအတွင်း တိုက်ပွဲများကြောင့် နေအိမ်စွန့်ခွာကာ တောတောင်များအတွင်း ထွက်ပြေးတိမ်း
ရှောင်နေကြရသည့် ရွာသားများ ကျေးရွာအတွင်း ပြန်လည်နေထိုင်သည်မှာ သီတင်းပတ် နှစ်ပတ်ကျော်ခန့်သာ ရှိသေးသည်ဟု ရွာသားတစ်ဦးက ပြောသည်။
“အိမ်ပြန်ရောက်တာမှ မကြာသေးဘူး။ ရက်ပိုင်းပဲရှိသေးတာ။ စစ်တပ်ရောက်လာပြီ အသံကြားတာနဲ့ တရွာလုံး ထပ်ပြေးကြရတာ။ ဒီရက်ပိုင်း မိုးကလည်း ရွာနေတော့ အတော် ဒုက္ခရောက်နေကြတယ်။ အသက်ကြီးပိုင်းတွေ အတွက် နေစရာနဲ့ ဆေးဝါးတွေ အခက်အခဲဖြစ်နေကြပြီ” ဟု အသက် ၃၅ နှစ် အရွယ် ရွာသားတစ်ဦးက ပြော သည်။
အဆိုပါ တိုက်ပွဲတွင် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဖြစ်သည့် မြိတ်ခရိုင်တပ်ရင်း(၂)၊ တပ်ခွဲ(၂)၊ တနင်္သာ
ရီ (ပ.က.ဖ)၊ တနင်္သာရီ ကာကွယ်ရေးပြောက်ကျားအဖွဲ့ ၊ တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်း
တိုက်ခဲ့သည်ဟု တနင်္သာရီ (ပ.က,ဖ)အဖွဲ့က စက်တင်ဘာ ၅ ရက်နေ့၊ နေ့စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်အတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များဘက်က ကျဆုံးထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာလာခဲ့ပါကြောင်းလည်း ရေးသားဖေါ်ပြထားသည်။
စစ်ကောင်စီ စစ်ကြောင်းမှာ အင်အား ၈၀ ခန့်ဟု ဆိုသော်လည်း စစ်သားက ၃၀ ခန့်သာရှိပြီး အခြားသူများမှာ ပျူစောထီး အဖွဲ့ဝင်များ ဖြစ်သည်ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြော သည်။
ယနေ့အချိန်ထိ အဆိုပါ နေရာအနီးတဝိုက်တွင် စစ်ကောင်စီဘက်မှ အင်အားဖြည့်တင်းမှုများရှိနေခြင်းကြောင့် နှစ်ဖက်စစ်ရေးတင်းမာမှုများ ရှိနေသည်ဟု သိရသည်။
လယ်သစ်ကျေးရွာသည် တနင်္သာရီမြစ်၏ ချောင်းလက်တက်တစ်ခုတွင် တည်ရှိပြီး ရေချောင်း ခြားထားလျက် အရှေ့ကမ်းနှင့် အနောက်ကမ်း ၂ခြမ်းရှိနေကာ အိမ်ခြေ စုစုပေါင်း တစ်ထောင်ကျော်ခန့် ရှိကာ ရေလုပ်ငန်းနှင့် ဥယျဉ်ခြံမြေလုပ်ငန်းကို လုပ်ကိုင်သည့် ကျေးရွာတစ်ရွာဖြစ်သည်။