RCSS က တပ်သားသစ်စုဆောင်းမှု ရပ်ဆိုင်းထားမည်ဟု ကြေညာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်-တောင်ပိုင်း (RCSS/SSA) အနေဖြင့် တပ်သား သစ် စုဆောင်းမှုအား ယာယီရပ်ဆိုင်းထားမည်ဟု ပြောဆိုလိုက်သည်။

RCSS/SSA ဗဟိုဌာနချုပ်၏ ဆုံးဖြတ်ချက်ဖြင့် ၎င်းတို့ ထိန်းချုပ်နယ်မြေ အသီးသီးတွင် တပ်သားသစ် စုဆောင်းမှု အား စက်တင်ဘာလ (၃) ရက်နေ့မှစပြီး ရပ်ဆိုင်းထားခြင်းဖြစ်သည်ဟု RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ပြောသည်။

“အခုလက်ရှိ ကျနော်တို့ ရှမ်းပြည်ထဲမှာ ပြည်သူလူထုက တအားကြီး စစ်ဘေးစစ်ဒဏ် ခံနေရတယ်ပေါ့နော်။ ဒီ ကြားထဲ တခြားအဖွဲ့တွေကလည်း တပ်သားသစ် စုဆောင်းမှုတွေမှာ တအားကိုပြင်းထန်ပြီး ခပ်ကြမ်းကြမ်း ဖြစ် နေတယ်ဆိုတော့ ပြည်သူလုထူက တအားကြောက်လန့်ပြီး အိမ်တွေ လယ်ယာမြေတွေ စွန့်ခွါပြီး ပြည်ပနိုင်ငံ တွေကို ထွက်ပြေးကြတာပေါ့။ ဒုက္ခရောက်နေတဲ့ ပြည်သူလူထုကိုလည်း ဘယ်သူမှ ကူညီမပေးနိုင်၊ မကာကွယ် ပေးနိုင်ဘူးဆိုတော့ ကျ‌နော်တို့အနေနဲ့ ငဲ့ညာသောအားဖြင့် ရပ်ဆိုင်းလိုက်ရတာပါ။”

သို့သော် တပ်သားသစ်စုဆောင်းမှုကို မည်သည့်အချိန်အထိ ရပ်ဆိုင်းထားမည်ကို မသိရသေးကြောင်းနှင့် ရှမ်း ပြည်သူလူထု၏ ဖြစ်ပျက်နေသော အခက်အခဲအပေါ် မူတည်၍ စောင့်ကြည့်ရမည်ဖြစ်သည်ဟု ဒုတိယ ဗိုလ်မှူး ကြီး စိုင်းအုမ်ခေး က ပြောသည်။

RCSS/SSA ၏ တပ်သားသစ်စုဆောင်းမှုမှာ ရှမ်းပြည်နယ်အတွင်းရှိ ရှမ်းပြည်သူများကို ကာကွယ်နိုင်ရေးအတွက် RCSS/SSA ၏ တပ်အင်အား မလျော့ကျစေရန် ဆိုသည့် အခြေခံ ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်ဟု လည်း ရှမ်းပြည်တပ်မတော် – တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ က ပြောသည်။

ထိုသို့ တပ်သားသစ် စုဆောင်းမှုမှာ ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်း အမျိုးသား ၂ ဦးနှင့် အထက်ရှိသော မိသားစု များထံမှ အသက် ၁၈ နှစ်နှင့် အသက် ၄၀ နှစ်အရွယ်ကြား အမျိုးသားတစ်ဦးကို RCSS/SSA အဖွဲ့တွင် တာဝန်ထမ်း ဆောင်ရန် ခေါ်ယူခြင်းဖြစ်သည်ဟု ဒုတိယ ဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ပြောသည်။

သို့သော် တပ်သားသစ်စုဆောင်းမှုတွင် လူမလိုက်ပါနိုင်ပါက ငွေကြေးအနေဖြင့် ကျပ် ၅ သိန်းနှင့် ကျပ် ၁၀ သိန်း ကြား ညှိနှိုင်းကာ ပေးဆောင်ခိုင်းမှုများ ရှိသည်ဟုလည်း RCSS/SSA ၏ ထိန်းချုပ်နယ်မြေအတွင်းရှိ ဒေသခံများက ပြောသည်။

RCSS/SSA တပ်ဖွဲ့ဝင်များ မကြာခဏ စစ်သားသစ် ဝင်ရောက်စုဆောင်းနေသည့် လဲချားမြို့တွင်လည်း လတ်တ လောတွင် တပ်သားသစ်စုဆောင်းမှုကို ရပ်ဆိုင်းထားခြင်းမှာ မှန်ကန်ကြောင်း အသက် ၂၄ နှစ်အရွယ် လဲချား ဒေသခံ အမျိုးသားတစ်ဦးက ယခုကဲ့သို့ ပြောသည်။

“သူတို့ ကြေညာသလိုပဲ ယာယီရပ်ဆိုင်းတာ မှန်ပါတယ်။ အရင်တုန်းကဆို တစ်ရွာကို သူတို့ ဆယ်ယောက်၊ ငါး ယောက်ဆိုပြီး လူတောင်းတယ်လေ။ ဒါကတော့ရွာရဲ့ လူဦးရေ အိမ်ထောင်စုအပေါ်ကြည့်ပြီး အုပ်ချုပ်ရေးမှူး ကို တောင်းလေ့ရှိတယ်။ အခုတော့ အဲလိုတောင်းတာ မရှိပါဘူး။ အားလုံးရပ်ထားတယ်ပေါ့။”

လဲချားမြို့အပါအဝင် မိုင်းကိုင်၊ ကွန်ဟိန်း၊ မောက်မယ်၊ နမ့်စန်၊ မိုင်းတုံ၊ မိုင်းပန်ဒေသများသည် RCSS/SSA တပ်ဖွဲ့ များ သွားလာလှုပ်ရှားနေသည့် ဒေသခံများဖြစ်ပြီး အဆိုပါဒေသများအတွင်း စစ်သားသစ်စုဆောင်းမှုများကို လုပ် ဆောင်လျှက်ရှိသည်။

RCSS/SSA ဗဟိုဌာနချုပ်သည် ရှမ်းပြည်နယ်တောင်ပိုင်း လွယ်တိုင်းလျန်ဒေသတွင် အခြေစိုက်ပြီး ၂၀၁၅ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။