နာရေးနှင့် လူမှု ကယ်ဆယ်ရေး အသင်းကား မိုင်းဆွဲ တိုက်ခိုက်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။

ရေးမြို့ရှိ အောင်မင်္ဂလာ နာရေးနှင့် လူမှုကယ်ဆယ်ရေးအသင်း ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရ ပြီး အသင်းသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု အသင်းတာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

မွန်ပြည်နယ်၊ ရေးမြို့ရှိ အဆိုပါ အသင်းကားသည် ကြာသပတေးနေ့ ည သန်းခေါင်ကျော်လောက်က မော်လမြိုင်ကို လူနာပို့ပြီး အပြန် သံဖြူဇရပ်မြို့နယ် ပိန္နဲတောကျေးရွာနား အရောက်မှာ မိုင်းဆွဲ တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

အောင်မင်္ဂလာနာရေးကူညီမှုနှင့် လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးက ”မော်လမြိုင်ကို လူနာပို့ပြီး အပြန် သံဖြူဇရပ်မြို့နယ် ပိန္နဲတောကျေးရွာအနီးမှာ မိုင်းဆွဲခံရတယ်။ ယာဉ်မောင်း ပြင်းထန်ဒဏ်ရာ ရရှိသွား တယ်” ဟု ပြောသည်။

မိုင်းခွဲတိုက်ခိုက်ခံရခြင်းကြောင့် လူမှုကယ်ဆယ်ရေးအသင်း ကားမောင်းသူ တစ်ဦး မိုင်းစထိမှန်ပြီး ပြင်းထန် ဒဏ်ရာရရရှိခဲ့သည်။ ထို့အပြင် အသင်း၏ ကားလည်း ပျက်စီးသွားသည်ဟု အသင်းထံမှ သိရသည်။

ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် အသင်းသား ယာဥ်မောင်းကို မော်လမြိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသ ခံယူ နေရသည်ဟုလည်း သိရသည်။

”လူမှုရေးအသင်း ကားတွေက အရေးပေါ်ကိစ္စပေါ်လာရင် ညဆိုလည်း သွားရတာပဲ။ အခုလိုမျိုး လုပ်တာက တော့ မဖြစ်သင့်ဘူး။ ဘယ်အဖွဲ့ကလုပ်လုပ် လက်မခံနိုင်ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရေး-သံဖြူဇရပ် ကားလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်များ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိသည့်အပြင် စစ် ကောင်စီတပ်နှင့် ဒေသတွင်းလှုပ်ရှားနေသည့် PDF အဖွဲ့တို့နှင့်လည်း ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားလေ့ရှိသည်။

မွန်ပြည်နယ် တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့ကတော့ ရေး-သံဖြူဇရပ် ကားလမ်းပိုင်းကို ဇူလိုင်လ ၁ ရက် နေ့မှ စတင်ပြီး ည ၉ နာရီခွဲမှ နံနက် ၄ နာရီအတွင်း မည်သည့် မော်တော်ယာဥ်မှ ဖြတ်သန်းသွားခြင်း လုံးဝ(လုံးဝ) မပြုရန် အသိပေးထုတ်ပြန်ထားသည်။

လိုက်နာမှုမရှိဘဲ ဖြတ်သန်းသွားလာခဲ့သည် ရှိသော် ဖြစ်ပေါ်လာမည့် ကိစ္စအဝဝအား လုံးဝတာဝန်ယူမည် မဟုတ် ကြောင်းကိုလည်း မွန်ပြည်နယ် တောင်ညိုပြည်သူ့ ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။